အယ်လ်ခါနော့စ်ရဲ့ ခြေစွမ်းအပေါ် စိတ်ပျက်မိတယ်လို့ ဟိုးနက်စ်ဝန်ခံ
စိန့်ပေါ်လီကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး စတုဂတ်နည်းပြဆီဘက်ရှီယန်ဟိုးနက်စ်က ကွင်းလယ်လူအယ်လ်ခါနော့စ်ရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်မိတယ်လို့ ပွင့်ပွင့်လင်းလင်းဝေဖန်ပြောကြားခဲ့ပါတယ်။
မော်ရိုကိုလက်ရွေးစင်က အာဖရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ဆီနီဂေါကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း စတုဂတ်အသင်းဆီ ပြန်လည်ရောက်ရှိလာချိန် အကောင်းဆုံးခြေစွမ်းပြန်ရရှိဖို့ ရုန်းကန်နေရပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားက ဘွန်ဒက်စ်လီဂါကလပ်နဲ့ပြန်ပူးပေါင်းပြီးနောက်ပိုင်း ငါးပွဲကစားထားရာမှာ ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်ခဲ့ပါဘူး။
ခြေစွမ်းကျဆင်းနေပေမဲ့လည်း နည်းပြဟိုးနက်စ်ကတော့ စိန့်ပေါ်လီနဲ့ပွဲမှာ သူ့ကို ပွဲထွက်ကစားခွင့်ပေးခဲ့ပြီး ခြေစွမ်းပြန်တက်လာဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပထမပိုင််ပြီးဆုံးချိန်အထိ ထိရောက်တဲ့စွမ်းဆောင်ရည်မျိုးမပြသနိုင်လို့ အယ်လ်ခါနော့စ်ရဲ့နေရာမှာ ဂျေမီလယ်ဝယ်လင်းကို လူစားလဲထည့်သွင်းခဲ့ပါတယ်။
"သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော် စိတ်တိုင်းမကျပါဘူး။ အဲဒီနေရာမှာ ပိုပြီးတက်ကြွတဲ့ ကစားဟန်တစ်ခုလိုအပ်တယ်လို့ ခံစားမိလို့ အခုလိုလူစားလဲခဲ့တာပါ" လို့ ဟိုးနက်စ်က ပွဲအပြီးမှာ BILD သတင်းဌာနဆီပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အသက် ၄၃ နှစ်အရွယ် စတုဂတ်နည်းပြကြီးက ကစားသမားကို လူစားလဲရတဲ့အကြောင်းပြချက်အတွက် ချက်ချင်းမရှင်းပြခဲ့ဘူးလို့ ဆိုပါတယ်။ "ကျွန်တော် သူ့ကို ရှင်းမပြဖြစ်ခဲ့ပါဘူး။ အဲဒါက မလိုအပ်ပါဘူး။ နောက်မှပဲ အေးအေးဆေးဆေး ဆွေးနွေးသွားပါမယ်" လို့ သူက ဆက်ပြောပါတယ်။
အယ်လ်ခါနော့စ်ဟာ လက်ရှိမှာ လက်စတာမှ အငှားဖြင့်ရောက်ရှိလာသူ ဖြစ်ပြီး အငှားစာချုပ်ကုန်ဆုံးရင် အပြီးသတ်ဝယ်ယူရမယ့်အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ သူဟာ မကြာသေးခင်က ခြေစွမ်းပိုင်း ရုန်းကန်နေရပေမဲ့လည်း ဒီရာသီ ပြိုင်ပွဲအရပ်ရပ်မှာ စုစုပေါင်း ၂၅ ပွဲ ကစားပေးထားပြီး ၆ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။