ဒင်းနစ်အွန်ဒက်ဗ်ရဲ့ အနာဂတ်အတွက် ဆွေးနွေးမှုတွေရှိနေတယ်လို့ စတုဂတ်အသင်းတာဝန်ရှိသူအတည်ပြု
စတုဂတ်အသင၀နအားကစားဒါရိုက်တာဖေဘီယမ်ဝိုးလ်ဂီမုသ်က တိုက်စစ်မှူးဒင်းနစ်အွန်ဒက်ဗ်ရဲ့ အသင်းမှာဆက်ရှိမယ့် အနာဂတ်အကြောင်းကို ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ၎င်းက အွန်ဒက်ဗ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကစားသမားကိုယ်တိုင်အပြင် သူ့ရဲ့အေးဂျင့်နဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။
"ကျွန်တော်တို့က သူ့ရဲ့အေးဂျင့်နဲ့ရော၊ သူနဲ့ပါ ဆွေးနွေးမှုတွေ အမြဲတမ်းလုပ်နေပါတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ်တွေ၊ လတွေမှာ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်" လို့ ဝိုးလ်ဂီမုသ်က Bild သတင်းစာဆီ ပြောကြားခဲ့ပါတယ်။
လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရ ၂၀၂၇ ခုနှစ်နောက်ပိုင်းအထိ အွန်ဒက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေဟာ အနည်းငယ်ခက်ခဲနေတယ်လို့ သိရပါတယ်။ စတုဂတ်ဘက်က နှစ်နှစ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမဲ့ အွန်ဒက်ဗ်ကတော့ သုံးနှစ်အထိ သက်တမ်းတိုးလိုတယ်လို့ ဆိုပါတယ်။
ဆွေးနွေးမှုတွေက ရှုပ်ထွေးနေသည်ဖြစ်စေ၊ မရှုပ်ထွေးသည်ဖြစ်စေ စတုဂတ်ကတော့ လာမယ့်နွေရာသီမှာ သူတို့ရဲ့တိုက်စစ်မှူးကိုရောင်းချသွားဖို့ အစီအစဉ်မရှိသေးပါဘူး။ အဲဒီအချိန်က အွန်ဒက်ဗ်ရဲ့လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်အလို ဖြစ်နေပါလိမ့်မယ်။
"အဓိကကတော့ ကျွန်တော်တို့ အွန်ဒက်ဗ်ကို အသင်းပြောင်းရွှေ့ခွင့်မပေးချင်ပါဘူး။ ဒါကြောင့် အခုလောလောဆယ်မှာ ပြောင်းရွှေ့ကြေးရဖို့အတွက် ကျွန်တော်တို့ မစဉ်းစားထားပါဘူး။ သူ့ရဲ့သွင်းဂိုးတွေမှတဆင့် အသင်းအတွက် အကျိုးကျေးဇူးတွေ ဆက်ယူချင်ပါသေးတယ်" လို့ ဝိုးလ်ဂီမုသ်က ဆိုပါတယ်။
အွန်ဒက်ဗ်ဟာ ဒီရာသီ၊ ဘွန်ဒက်လီဂါပွဲစဉ် ၁၇ ပွဲမှာ စတုဂတ်အတွက် ၁၁ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။