The network connection is lost.

Banner Image

လူငယ်ကြယ်ပွင့်အယ်လ်မာလရဲ့အနာဂတ်အကြောင်း ပွင့်ပွင့်လင်းလင်းဖွင့်ဟလာတဲ့ ကိုလုံးအကြီးအကဲ

ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း လူငယ်ကြယ်ပွင့်ဆာယစ်အယ်လ်မာလကို ခေါ်ယူဖို့ ဘရိုက်တန်အသင်း ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကိုလုံးအသင်းအားကစားစီမံခန့်ခွဲမှုဒါရိုက်တာသောမတ်စ်ကတ်စလာက တုံ့ပြန်လာပါတယ်။
သောမတ်စ်ကက်စလာက အသက် ၁၉ နှစ်အရွယ်တိုက်စစ်ကစားသမားအတွက် ယူရို ၂၅ သန်းမှ သန်း ၃၀ အထိရှိတဲ့ကမ်းလှမ်းမှုကို အသင်းဘက်မှ ပယ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် တိတိကျကျဖြေကြားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

"ဒီလိုသတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်မှတ်ချက်ပေးလေ့မရှိပါဘူး။ ကျွန်တော်တို့အတွက် အရေးကြီးတာက အယ်လ်မာလဟာ အချိန်တိုအတွင်းမှာ သိသိသာသာ တိုးတက်လာပြီး အခုအချိန်အထိ ကျွန်တော်တို့ရဲ့ ရာသီဝက်ခရီးစဉ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ကူညီပေးနေတာပဲ ဖြစ်ပါတယ်" လို့ သောမတ်စ်ကက်စလာက Express.de. သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အယ်လ်မာလာဟာ သီတင်းပတ်တိုင်းမှာ အရည်အသွေးရှိတဲ့ကစားဟန်ကို ပြသနေပြီး အခုလို လူအများစိတ်ဝင်စားမှုကို ရရှိလာတာဟာ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်သာ အခုလို အများရဲ့အာရုံစိုက်မှု ရရှိလာတာပါလို့ ၎င်းက ဆိုပါတယ်။
"သူ့ကို အနီးကပ်ပံ့ပိုးပေးဖို့၊ တည်ငြိမ်မှုရှိအောင် ကူညီပေးဖို့နဲ့ ဒုတိယရာသီဝက်မှာလည်း အသင်းကို ဆက်လက်ကူညီနိုင်ဖို့အတွက် နောက်ထပ်ခြေလှမ်းသစ်တွေ အတူတကွလျှောက်လှမ်းနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်" လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။
လက်ရှိမှာ အယ်လ်မာလက ကိုလုံးနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးလည်း မပါဝင်လို့ ကိုလုံးအနေဖြင့် ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ အသာစီးရနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။

အသင်းဘက်မှာလည်း အယ်လ်မာလရဲ့တိုးတက်မှုကို ယုံကြည်ပြီး ရှင်းလင်းတဲ့အစီအစဉ်တွေ ရှိတာကြောင့် ရာသီမစတင်မီကတည်းက ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာပါလို့ ကက်စလာက ဖွင့်ဟခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဈေးကွက်အတွင်း ကမ်းလှမ်းမှုတွေကို ကိုင်တွယ်ဖြေရှင်းရမှုက လုပ်ငန်းသဘောသဘာဝတစ်ခုဖြစ်ပြီး ဒါကို တည်တည်ငြိမ်ငြိမ်နဲ့ အလေးအနက်ထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အယ်လ်မာလကို ကိုလုံးရဲ့အားကစားစီမံကိန်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သင်းနဲ့အတူ ရှေ့ဆက်သွားဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။