ဟော်ဖန်ဟိမ်းအသင်းမှာ ရှစ်ချ်ကာ ဆက်ရှိနေပြီး ပြိုင်ဘက်ဖြစ်သူဟန်းစလာ ရာထူးမှနုတ်ထွက်
ဟော်ဖန်ဟိမ်းအသင်းရဲ့ဖေဖော်ဝါရီ ၉ ရက် အစည်းအဝေးအပြီး အသင်းရဲ့စီမံခန့်ခွဲမှုဒါရိုက်တာအဖြစ် ရှစ်ချ်ကာ ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဒေတာကာကွယ်ရေးဆိုင်ရာစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ရှစ်ချ်ကာ ရာထူးမှနုတ်ထွက်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုလို ရှစ်ချ်ကာဆက်ရှိနေမယ့်ဆုံးဖြတ်ချက်က ဂျာမန်ဘောလုံးလောကအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
Sky Germany ရဲ့ ဖော်ပြချက်အရ ဆင်းစ်ဟိုင်းမ်ကလပ်မှာ ဒီနေ့ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရှယ်ယာရှင်များ အစည်းအဝေးလည်း ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ဟော့ဖန်ဟင်မ်အသင်းရဲ့အကျိုးဆောင်ပုဂ္ဂိုလ်ဒိုင်းမားဟော့ပ်က ဟိုက်ဒဲလ်ဘာ့ဂ်ဒေသဆိုင်ရာဆီ အရေးပေါ် လျှောက်ထားမှုပြုလုပ်ခဲ့လို့ အခုလိုရှယ်ယာရှင်အစည်းအဝေးမကျင်းနိုင်ခဲ့တာပါ။
ဒီနောက်မှာတော့ အသင်းရဲ့ယာယီဥက္ကဋ္ဌလည်းဖြစ်၊ ရှစ်ချ်ကာရဲ့ပြိုင်ဘက်လည်းဖြစ်တဲ့ ခရစ်စတိုဖာဟန်းစလာက ရာထူးမှနုတ်ထွက်သွားခဲ့ပါတယ်။ ဟန်းစလာရဲ့ နုတ်ထွက်မှုကြောင့် ဟော့ဖန်ဟင်မ်အသင်းအတွင်းပိုင်းမှာ ပေါ်ပေါက်လာနိုင်တဲ့ အရှုပ်အထွေးကြီးတစ်ခုကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှစ်ချ်ကာက အသင်းရဲ့အမာခံပုဂ္ဂိုလ်ဒိုင်းမားဟော့ပ်အပြင် နည်းပြအီလ်ဇာတို့နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။
ရာထူးမှနုတ်ထွက်ပြီးနောက် ဟန်းစလာက "ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အသင်းရဲ့အားကစားကဏ္ဍ တိုးတက်လာမှုဟာ ဝန်ထမ်းအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်တယ်ဆိုတာ ထင်ရှားတဲ့သက်သေပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "ဟော်ဖန်ဟိမ်းနဲ့ အသင်းဝင်တွေဟာ ကျွန်တော့်အတွက် အမြဲတမ်းအရေးကြီးဆုံးပါပဲ။ အသင်းကို ပိုမိုကောင်းမွန်တဲ့ပုံစံမျိုးနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ ကျွန်တော် အမြဲတမ်း အလေးထားခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။
"အသင်းအပေါ်ထားရှိတဲ့ နက်ရှိုင်းတဲ့သံယောဇဉ်ကြောင့်ပဲ ဟော်ဖန်ဟိမ်းအတွက် အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ဆုတောင်းရင်း ဒီနေ့မှစပြီး ကျွန်တော့်ရဲ့တာဝန်တွေမှ နုတ်ထွက်လိုက်ပါတယ်" လို့ ဟန်းစလာက ဖွင့်ဟခဲ့ပါတယ်။