
ဟယ်ရီကိန်းက ဘိုင်ယန်အတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်တယ်လို့ ဂျီနာဘရီချီးကျူး
ဘိုင်ယန်မြူးနစ်တိုက်စစ်ကြယ်ပွင့် ဆာ့ဂျ်ဂျီနာဘရီက အသင်းဖော်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အသင်းရဲ့တိုက်စစ်မှာ ဂိုးသွင်းရုံသာမက အဖက်ဖက်မှာတာဝန်ကျေတာကြောင့် အလွန်အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ဟော့ဖန်ဟိမ်းကို ၁-၄ နဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၃ ဂိုးအထိ ရရှိထားပြီလည်းဖြစ်ပါတယ်။ အင်္ဂလန်သားဟာ နည်းပြဗင်းဆင့်ကွန်ပနီရဲ့ အားအထားရဆုံးကစားသဖြစ်နေသလို၊ သွင်းဂိုးတွေလည်းတောက်လျှောက်ရနေတာကြောင့် ပြီးပြည့်စုံတဲ့ပုံစံနဲ့ ရာသီသစ်ကို စတင်ထားနိုင်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။
ယခုအခါမှာ ဂျီနာဘရီက ကိန်းဟာ အသင်းအတွက် ပုံမှန်ဂိုးသွင်းပေးနေတဲ့ ဂိုးသွင်းစက်တစ်ခုသာမက တိုက်စစ်ပိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးလာခဲ့ပါတယ်။ ဂျာမန်လက်ရွေးစင်က "သူက ကျွန်တော်တို့အတွက် ပွဲစဉ်အတိုင်းမှာ အရေးပါတဲ့ကစားသမားပါ။ သူ့ရဲ့ သွင်းဂိုးတွေက အသင်းကိုအကူအညီဖြစ်စေရုံမကဘဲ သူ့ရဲ့ကစားပုံကလည်း တိုက်စစ်ပိုင်းအတွ်က မရှိမဖြစ်လိုအပ်နေပါတယ်။ ဒီလိုကစားသမားမျိုးက အသင်းတိုင်းမှာမြင်တွေ့ရခဲပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကိန်းဟာ တောင်ပံကစားသမားတွေဖြစ်တဲ့ လူးဝစ်ဒီယက်စ်၊ မိုက်ကယ်အိုလီဆီတို့နဲ့ အတွဲအဖက်မိမိကစားလာနိုင်တာကြောင့် အသင်းအတွက်ဂိုးတွေပိုမိုရရှိဖို့ တွန်းအားဖြစ်စေတယ်လို့ ဂျီနာဘရီကပြောကြားခဲ့ပါတယ်။ ကစားသမာက "ဒီယက်စ်နဲ့အတူတူ ကစားရတာ ပျော်စရာပါတယ်။ ကျွန်တော်တို့ မိုက်ကယ်အိုလီဆီနဲ့လည်း အတွဲအဖက်ပိုမိလာပြီး ဟယ်ရီကိန်းအတွက်လည်း သူတို့ရဲ့တွဲဖက်မှုက ပိုပြီးတော့ခြေစွမ်းပြစေပါတယ်။ တိုက်စစ်ပိုင်းကစားသမားတွေ အချိတ်အဆက်မိနေတာက အသင်းအတွက် ဂိုးတွေရဖို့ အရမ်းအကူအညီဖြစ်စေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဝါဒါဘရီမင်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကြားရက်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ပါဖိုစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။