The network connection is lost.

Banner Image

လေဗာကူဆင်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အဓိက ကစားသမားတွေကို အနားပေးရခြင်း အကြောင်းရင်းကို ရှင်းပြလာတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းစင့်ကွန်ပနီက လေဗာကူဆင်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲထွက်လူစာရင်းကို အကြီးအကျယ် အပြောင်းအလဲလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် အဓိကကစားသမားတွေကို အနားပေးဖို့အတွက် "အကောင်းဆုံးအချိန်" ဖြစ်ခဲ့တယ်လို့ ကွန်ပနီက ဆိုပါတယ်။ ဘယ်လ်ဂျီယံသားဟာ ပွဲထွက်လူစာရင်းကို ခုနစ်နေရာအထိ အပြောင်းအလဲ လုပ်ခဲ့ပြီး ဟယ်ရီကိန်း၊ လူးဝစ်ဒီယက်ဇ် နဲ့ မိုက်ကယ်အိုလီစီလို ကြယ်ပွင့်ကစားသမားတွေကို ချန်လှပ်ထားခဲ့ပါတယ်။  အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် လေဗာကူဆင်ကို အထူးသဖြင့် ပထမပိုင်းမှာ အသာစီးကနေ ကစားနိုင်ပြီး အနိုင်ရခဲ့ပါတယ်။

ကွန်ပနီက"ဟယ်ရီကိန်း ပါဝင်ပြီး အကောင်းဆုံးပုံစံမှာ ရှိနေရင်တော့ ကျွန်တော်တို့က အမြဲတမ်း ပိုကောင်းပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျန်တဲ့ ကစားသမားတွေလည်း ကောင်းမွန်တဲ့ ပုံစံမှာ ရှိနေတယ်လို့ ခံစားရပြီး အခုဆိုရင် အနားယူထားတဲ့ ဟာရီကို ကျွန်တော်တို့ ပြန်ရပါပြီ။ လူတိုင်းက ကျွန်တော့်ကို အမြဲတမ်းမေးကြပါတယ်။ ဟယ်ရီ ဘယ်တော့နားမလဲ။ လူချို ဘယ်တော့နားမလဲ။ ဒီနေ့က အကောင်းဆုံး အချိန်လို့ ခံစားရလို့ပါ" လို့ ပြောပါတယ်။

ကွန်ပနီက ဘိုင်ယန်ထိပ်တန်းကစားသမားအားလုံးဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။  ကွန်ပနီက"သူတို့အားလုံးဟာ ပရော်ဖက်ရှင်နယ်တွေပါ။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေကို သူတို့အားလုံး နားလည်ပါတယ်။ ဟယ်ရီ၊ ဒီယက်ဇ် ဒါမှမဟုတ် အိုလီသီပဲဖြစ်ပါစေ - ရာသီကို ဆင်ခြင်ပြီး ဖြတ်သန်းဖို့ လိုတယ်ဆိုတာ သူတို့ သိကြပါတယ်" လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ကွန်ပနီက "ဒီနေ့ တစ်ခုခု မှားယွင်းသွားနိုင်တယ်လို့ လူအများက ထင်ခဲ့ကြပါတယ်။ ပြိုင်ဘက်ကလည်း အဲလိုထင်ခဲ့မှာပါ။ ဒါပေမဲ့ အရေးကြီးတာက ကျွန်တော်တို့ မီးလို တိုက်ပွဲဝင်ခဲ့တာပါ။ ပထမပိုင်းမှာ အရှိန်အပြည့်နဲ့ တိုက်ခိုက်ခဲ့ပြီး ဒါကပဲ အဓိက ကွာခြားချက်ပါပဲ။ တစ်ခါတလေ ဒီလိုလုပ်တာ အန္တရာယ်ရှိပေမယ့် အဲဒီစွန့်စားမှုကို မယူဘူးဆိုရင် အရန်ကစားသမားအင်အားကောင်းတဲ့ အသင်းကို တည်ဆောက်ဖို့ မလိုပါဘူး" လို့ရှင်းပြခဲ့ပါတယ်။