ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားလို့ ကွင်းထဲကနေ မျက်ရည်တွေနဲ့ထွက်ခွာခဲ့ရတဲ့ ဟာကီမီ
ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီနောက်ခံကြယ်ပွင့် ဟာကီမီဟာ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ရဲ့ ကြမ်းတမ်းတဲ့ဖြတ်ထုတ်မှုကြောင့် ခြေကျင်းဝတ်လည်ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားခဲ့ပြီး မျက်ရည်တွေနဲ့ ကွင်းထဲမှထွက်ခွာခဲ့ရပါတယ်။
ချန်ပီယံလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်ခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ ပထမပိုင်းအတွင်းမှာပဲ လူးဝစ်ဒီယက်ဇ်ရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ပီအက်စ်ဂျီကို ဦးဆောင်ခဲ့ပြီး တောင်အမေရိကသားဟာ ပထမပိုင်းမှာပဲ ဟာကီမီကို ဖြတ်ထုတ်ပုံကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ပီအက်စ်ဂျီအတွက် နီဗက်ဇ်က ချေပဂိုး ၁ ဂိုးပြန်သွင်းခဲ့ပေမယ့် ဘိုင်ယန်က အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ယခုပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရသလို၊ ဟာကီမီသာမက ဒမ်ဘီလီပါ ဒဏ်ရာရရှိပြီး စောစောစီးစီးလူစားလဲခဲ့ရလို့ ထိုးနှက်ချက်ကြီးမားခဲ့ပါတယ်။
အဆိုပါကစားသမား ၂ ဦးရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က "လောလောဆယ်တော့ အခြေအနေကိုမသိရသေးပါဘူး။ မနက်ဖြန်စစ်ဆေးမှုကို စောင့်ကြည့်ရပါမယ်။ ဘောလုံးမှာ ဒီလိုအထိအခိုက်တွေကတော့ ရှိမှာပါပဲ" လို့ဖြေကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီကလည်း "ဟာကီမီ အမြန်သက်သာပါစေလို့ ဆုတောင်းပေးပါတယ်။ အသင်းမှာ အရေးပါတဲ့ကစားသမားတစ်ယောက်ဒဏ်ရာရသွားရင် ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့မှာလည်း မူစီယာလာဒဏ်ရာရထားခဲ့လို့ ဒါကိုနားလည်ပါတယ်။ ဒါပေမယ့် ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲမျိုးမှာ ဒီလိုပြဿနာက ကြုံရတတ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်ရဲ့အဓိက ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ယာမယ်လ်မူစီယာလာဟာလည်း ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားခဲ့ပြီး အခုချိန်အထိ ပြန်ကစားနိုင်ခြင်းမရှိသေးပါဘူး။ တောင်ပံကြယ်ပွင့်ဒူရေးကို လက်လွှတ်ထားရတဲ့ ပီအက်စ်ဂျီဟာ မကြာသေးမီကမှ ဒမ်ဘီလီကို ပြန်လည်အသုံးပြု နိုင်ခဲ့တာဖြစ်ပေမယ့် ယခုအခါမှာ ဒမ်ဘီလီကဒဏ်ရာပြန်ရသွားခဲ့သလို၊ ဟာကီမီကလည်း ကာလရှည်အနားယူရဖို့ရှိနေတာကြောင့် ဆက်လက်ရုန်းကန်သွားရဖွယ်ရှိပါတယ်။