မော်ရင်ဟိုဟာ နောက်ရာသီ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ကြောင်း ဘင်ဖီကာဥက္ကဋ္ဌ ကော်စတာ အတည်ပြု
ဘင်ဖီကာဥက္ကဋ္ဌ ရူကော်စတာဟာ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မကစားခင် ဒီနေ့အင်္ဂါနေ့မှာ စပိန်သတင်းမီဒီယာတွေကို ခပ်တိုတို ဖြေကြားခဲ့ပြီး ဟိုဆေးမော်ရင်ဟိုအနေနဲ့ နောက်ရာသီမှာလည်း အသင်းမှာ ဆက်ရှိနေမယ်လို့ အာမခံပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ လက်ခံမကစားခင် နာရီပိုင်းအလိုမှာပဲ ဘင်ဖီကာဥက္ကဋ္ဌဟာ စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Chiringuito ရဲ့ မေးခွန်းနှစ်ခုကို ဖြေကြားခဲ့ပြီး မော်ရင်ဟိုအနေနဲ့ ၂၀၂၆-၂၇ ရာသီမှာ အသင်းကို ဆက်လက်ကိုင်တွယ်သွားမယ်ဆိုတာကို အတည်ပြုပေးခဲ့တာပါ။
မော်ရင်ဟိုဟာ "နောက်နှစ်" မှာ ဆက်ရှိနေမှာလားလို့ မေးမြန်းရာမှာတော့ ရူကော်စတာက "ဟုတ်ပါတယ်၊ သူ ဆက်ရှိနေမှာပါ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဘင်ဖီကာဥက္ကဋ္ဌက အလျင်အမြန်ပဲ အခုအင်္ဂါနေ့မှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲဟာ ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ စပိန်သတင်းမီဒီယာတွေက 'Special One' လို့ လူသိများတဲ့ မော်ရင်ဟိုဟာ ဆန်တီယာဂိုဘာနေဗျူး ဆီ ပြန်လည်ရောက်ရှိလာနိုင်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ဖော်ပြနေခဲ့ကြတာလည်း ဖြစ်ပါတယ်။