အငြင်းပွားစရာဗင်နီစီးယက်စ်ကိစ္စအတွက် ဘင်ဖီကာအသင်းကို ကာကွယ်ပြောကြားခဲ့တဲ့ မော်ရင်ဟို
ဘင်ဖီကာနည်းပြမော်ရင်ဟိုက ရီးရဲလ်မက်ဒရစ်အသင်းရဲ့အနိုင်ဂိုးရှင်ဗင်နီစီးယက်စ်နဲ့ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ်ရာကိစ္စရပ်တွေအတွက် သူ့ရဲ့ကလပ်အသင်းကို ခုခံကာကွယ်ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်မှာ ဗင်နီးစီးယက်စ် အနိုင်ဂိုးသွင်းယူပြီးချိန် သူ့ရဲ့ အောင်ပွဲခံဟန်ကြောင့် အိမ်ရှင်ပရိသတ်တွေ ဒေါသထွက်လာခဲ့ပါတယ်။ ကစားသမားကိုယ်တိုင် သူ့ရဲ့အပြုအမူကြောင့် အဝါကတ်ပြသခံခဲ့ရသလို ကွင်းတွင်းပြန်ဝင်ရောက်လာချိန် ပြိုင်ဘက်တောင်ပံကစားသမား ပရက်စတီယန်နီနဲ့ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်က ပရက်စတီယန်နီကို လူမျိုးရေးခွဲခြားစော်ကားတဲ့စကားလုံး သုံးနှုန်းသူအဖြစ် ကွင်းလယ်ဒိုင်ဆီ တိုင်ကြားခဲ့ပါတယ်။ ဒါကြောင့် ယူအီးအက်ဖ်အေ (UEFA) ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ပွဲကို ၁၀ မိနစ်ခန့် ခေတ္တရပ်နားခဲ့ရပြီး အငြင်းပွားမှုတွေကြားမှာပဲ ပွဲစဉ်ကို ဆက်လက်ကျင်းပခဲ့ပါတယ်။အဆိုပါပွဲစဉ်အတွင်း နှစ်ဝါတစ်နီပြစ်ဒဏ်ထိခဲ့တဲ့ မော်ရင်ဟိုက "ဒီလို ထူးချွန်တဲ့ကစားသမားတွေက လှပတဲ့အရာတွေကို လုပ်ပြနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ကံမကောင်းတဲ့အချက်ကတော့ သူဟာ အဲဒီလို အံ့ဩစရာကောင်းတဲ့ဂိုးမျိုးသွင်းယူနိုင်ခဲ့တာကိုပဲ ပျော်ရွှင်နေရုံနဲ့ မကျေနပ်ခဲ့တာပါပဲ။ ဒီလိုဂိုးမျိုးသွင်းယူပြီးတဲ့အခါမှာ တစ်ဖက်အသင်းကို လေးစားမှုရှိရှိ အောင်ပွဲခံသင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဟုတ်ပါတယ်၊ ဗင်နီစီးယက်စ်က ဘင်ဖီကာပရိသတ်တွေကို ရန်စခဲ့တာပါ။ ကျွန်တော် အဲဒီလိုပဲ ယုံကြည်ပါတယ်။ ပရက်စတီယန်နီနဲ့ ဗီနီစီးယပ်စ်တို့ကြား ဘာစကားတွေအပြန်အလှန်ပြောခဲ့ကြလဲဆိုတာကိုတော့ ကျွန်တော် ကြားနေအဖြစ်ပဲ ရှိနေချင်ပါတယ်" လို့လည်း ဆိုပါတယ်။
ပွဲခေတ္တရပ်နားနေစဉ်မှာ ဗင်နီစီးယက်စ်ကို သူဘာပြောခဲ့လဲဆိုတာကိုလည်း မော်ရင်ဟိုက ဆက်လက်ရှင်းပြခဲ့ပါတယ်။ "ကျွန်တော် လုံးဝခြားနားတဲ့အမြင်နှစ်ခုကို မြင်ခဲ့ရတယ်။ ကျွန်တော် ဘက်မလိုက်ချင်သလို အဲဒီအကြောင်းကိုလည်း မှတ်ချက်မပေးချင်ပါဘူး။ သူ့ကိုလည်း ကျွန်တော် အဲဒီအတိုင်းပဲ အတိအကျ ပြောခဲ့ပါတယ်။ မင်း ဒီလိုဂိုးမျိုးသွင်းပြီးရင် အောင်ပွဲခံပြီး အေးအေးဆေးဆေး ပြန်လာရုံပဲလေလို့ သူ့ကို ပြောခဲ့တာပါ။ သူက လူမျိုးရေးခွဲခြားမှုအကြောင်း ငြင်းခုံနေချိန်မှာ ဒီကလပ်အသင်းရဲ့ သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးပုဂ္ဂိုလ်(အူဘီဘီယို)ကိုယ်တိုင်လည်း လူမည်းတစ်ဦးပါလို့ ကျွန်တော် သူ့ဆီ ပြန်ပြောပြခဲ့ပါတယ်"
"ဒီကလပ်အသင်းက လူမျိုးရေးခွဲခြားမှုနဲ့လုံးဝမသက်ဆိုင်တဲ့ အသင်းပါ။ ဘင်ဖီကာမှာ အဲဒီလိုမျိုးတစ်ခုခုရှိနေတယ်လို့ သူထင်နေမယ်ဆိုရင်တော့... သူတို့ကတော့ ကျွန်တော့်ကို တစ်မျိုးပြောကြတာပဲ။ ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဘက်မှ မပါပါဘူး၊ ဘက်မလိုက်ဘဲ နေချင်ပါတယ်။ ဒါပေမဲ့ တစ်ခုခုတော့ မှားယွင်းနေပါပြီ၊ ဘာလို့လဲဆိုတော့ ဒါဟာ ကွင်းတိုင်းမှာ ဖြစ်နေလို့ပါ။ ဗင်နီစီးယက်စ်ကစားတဲ့ ကွင်းတိုင်းမှာ အမြဲတမ်း တစ်ခုခုတော့ ဖြစ်ပါတယ်။ ကြည့်ပါဦး၊ ပွဲရဲ့ မိနစ် ၅၀ လောက်အထိ တကယ်ကို ကောင်းမွန်တဲ့ ဘောလုံးပွဲစဉ်တစ်ခုပါ။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသန်းပေါင်းများစွာ စောင့်ကြည့်နေကြချိန် ရူးသွပ်စရာကောင်းတဲ့ ဂိုးတစ်ဂိုး ရသွားတယ်၊ ပြီးတော့ ပွဲပြီးသွားခဲ့တယ်" လို့ ပြောကြားခဲ့ပါတယ်။