အန်တွန်ရဲ့စွမ်းဆောင်ရည်နဲ့ ဒေါ့မွန်ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးလိုက်တဲ့ နီကိုကိုဗက်ပါတယ်။
ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်မှာ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဒေါ့မွန်နည်းပြက အလွန်ပဲကျေနပ်အားရနေပါတယ်။ ယမန်နေ့ညပိုင်းကစားခဲ့တဲ့ အတ္တလန်တာနဲ့ပွဲစဉ်မှာ ဒေါ့မွန်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပွဲအပြီးအင်တာဗျူးမှာ နီကိုကိုဗက်က သူ့အသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် အတိုင်းထက်အလွန်ဝမ်းမြောက်နေခဲ့ပါတယ်။
"ကျွန်တော် တကယ်ကိုကျေနပ်မိပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ဘောလုံးကစားဟန်ကို ပြသနိုင်ခဲ့သလို သွင်းဂိုးနှစ်ဂိုးလည်း ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ကောင်းကောင်းကစားနိုင်ခဲ့ပြီး အချို့သောအချက်တွေမှာ အတော်လေးကို ကြိုးစားအားထုတ်ခဲ့ကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။
"ဒီနေ့ညမှာ အစီအစဉ်အတိုင်း အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂူရက်စီကိုယ်တိုင် တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့တာက ကျွန်တော်တို့အတိအကျလိုအပ်နေတဲ့အရာ ဖြစ်ပါတယ်" လို့ ဒေါ့မွန်နည်းပြက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ခံစစ်တန်းမှာ ဒဏ်ရာရကစားသမားများပြားနေချိန် အသက် ၁၈ နှစ်အရွယ်လူငယ်ကစားသမားလေး လူကာရက်ဂျီယာနီအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်စေမယ့်ပုံစံမျိုးနဲ့ တွဲဖက်ကစားပေးခဲ့တဲ့ အန်တွန်ကိုလည်း ကိုဗက်က အထူးချီးကျူးခဲ့ပါတယ်။
" အန်တွန်က ပြီးခဲ့တဲ့ရာသီကတည်းက ဗဟိုခံစစ်ပိုင်းမှာဖြစ်စေ၊ ညာနောက်ခံလူနေရာမှာဖြစ်စေ အသင်းကို အကောင်းဆုံးတာဝန်ယူဦးဆောင်နိုင်ခဲ့သူပါ။ သူဟာ ခေါင်းဆောင်ကောင်းပီသပြီး အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းနိုင်သူလည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း ဂျီယာနီအတွက် အများကြီးအထောက်အကူ ဖြစ်စေခဲ့ပါတယ်"လို့ ပြောပါတယ်။
" အန်တွန်က တကယ့်ကို ကျောက်ဆောင်တစ်ခုလို မာကျောသူပါ။ စံပြကစားသမားဖြစ်သလို တိုက်ပွဲဝင်စိတ်ဓာတ်လည်း အပြည့်ရှိပါတယ်။ ကွင်တွင်းမှာရော ကွင်းပြင်ပမှာပါ သူ့ကို ဒီလိုပုံမျိုးပဲ ကျွန်တော်မြင်မိပါတယ်" လို့ အသက် ၅၄ နှစ်အရွယ်နည်းပြက ရှင်းပြခဲ့ပါတယ်။