The network connection is lost.

Banner Image

ဘင်ဖီကာနဲ့ပွဲစဉ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ တင်းမာမှုနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဗင်နီစီးယက်စ်

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်စ်က ဘင်ဖီကာနဲ့ရင်ဆို်ငရတဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်အတွင်း သူ့အပေါ် ပစ်မှတ်ထားတိုက်ခိုက်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လစ္စဘွန်းမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ဗင်နီစီးယက်စ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့အတူ ရီးရဲလ်မက်ဒရစ်တို့ အဝေးကွင်းနိုင်ပွဲရရှိခဲ့ပေမဲ့ ဒိုင်လူကြီးဖရန်ဆွာလက်တီဆီယာက လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းတွေအရ ပွဲကိုခေတ္တရပ်နားခဲ့လို့ အနည်းငယ်နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးကတော့ ပြိုင်ဘက်ကစားသမားတွေနဲ့ အိမ်ရှင်ပရိသတ်တွေဆီမှ လူမျိုးရေးခွဲခြားတဲ့ အပြောအဆိုကို ထပ်မံရင်ဆိုင်ခဲ့ရပြီးတဲ့နောက် သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာမှတဆင့် အခုလိုပဲ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

"လူမျိုးရေးခွဲခြားတဲ့သူတွေက အရာအားလုံးထက်ပိုပြီး ကြောက်တတ်တဲ့ လူဖျင်းလူအတွေ ဖြစ်ပါတယ်။ သူတို့ ဘယ်လောက်တောင်အားနည်းသလဲဆိုရင် သူတို့ဝတ်ဆင်ထားတဲ့အင်္ကျီကို သူတို့ပါးစပ်နဲ့ ကာကွယ်ထားရတဲ့အထိပါပဲ""ဒါပေမဲ့ သူတို့က လုပ်ထုံးလုပ်နည်းအရ အပြစ်ပေးရမယ့် တာဝန်ရှိသူတွေရဲ့ကာကွယ်ပေးမှု ရရှိထားပါတယ်"

"ဒီနေ့ဖြစ်သွားတဲ့အရာတွေက ကျွန်တော့်ဘဝမှာရော၊ ကျွန်တော့်မိသားစုဘဝမှာပါ အသစ်အဆန်း မဟုတ်ပါဘူး။ ဂိုးသွင်းလို့အောင်ပွဲခံတာကို ကျွန်တော်က အဝါကတ်ပြခံခဲ့ရတယ်။ ဘာကြောင့်လဲဆိုတာ အခုထိ ကျွန်တော် နားမလည်နိုင်သေးပါဘူး။"
"တစ်ဖက်မှာလည်း ဘာမှအသုံးမဝင်တဲ့၊ စနစ်တကျမရှိတဲ့ လုပ်ထုံးလုပ်နည်းတွေပဲ ရှိနေခဲ့တယ်။ အခုလို နိုင်ပွဲကြီးရရှိခဲ့တဲ့အချိန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့သတင်းတွေကပဲ ခေါင်းကြီးပိုင်းမှာ နေရာယူသင့်တာပါ။ ဒီလို အခြေအနေမျိုးတွေမှာ ကျွန်တော်မပေါ်လာချင်ပေမဲ့ ဒါက ပြောဖို့ လိုအပ်လာလို့ပါ" လို့ ဗင်နီစီးယက်စ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

အခုကိစ္စကို ယူအီးအက်ဖ်အေ(UEFA)က နောက်ဆက်တွဲအရေးယူဖို့ရှိ၊မရှိ မသိရသေးပေမဲ့ ဘောလုံးလောကမှာဖြစ်ပွားနေတဲ့ လူမျိုးရေးခွဲခြားမှုပြဿနာတွေကိုတော့ ထိထိရောက်ရောက်ဖြေရှင်းနိုင်ခြင်း မရှိသေးတာ သိသာထင်ရှားလာပါတယ်။