The network connection is lost.

Banner Image

ဗင်နီစီးယက်စ်ဘက်မှာ ရီးရဲလ်မက်ဒရစ်အသင်း အပြည့်အ၀ရပ်တည်ပေးနေတယ်လို့ ဆိုလိုက်တဲ့ နည်းပြအာဘီလိုအာ

ယမန်နေ့ညပိုင်း၊ ဘင်ဖီကာနဲ့ပွဲစဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စရပ်နဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက ဗင်နီစီးယက်စ်နောက်မှာ အသင်းကိုယ်တိုင် အပြည့်အ၀ရပ်တည်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်မှာ ဗင်နီစီးယက်စ်အနိုင်ဂိုးသွင်းယူပြီးချိန် သူ့ရဲ့အောင်ပွဲခံမှုပုံစံကြောင့် အိမ်ရှင်ပရိသတ်တွေ ဒေါသထွက်လာခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်လည်း သူ့ရဲ့အပြုအမူကြောင့် အဝါကတ်ပြသခံခဲ့ရသလို ကွင်းလယ်ကို ပြန်ဝင်ရောက်လာချိန် ပြိုင်ဘက်တောင်ပံကစားသမား ပရက်စတီယန်နီနဲ့ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘရာဇီးလ်ကြယ်ပွင့်ဗင်နီစီးယက်စ်က အာဂျင်တီးနားကစားသမားပရက်စတီယန်နီကို လူမျိုးရေးခွဲခြားစော်ကားသူအဖြစ် ကွင်းလယ်ဒိုင်ဆီ တိုင်တန်းခဲ့ပါတယ်။ ဒါကြောင့် ယူအီးအက်ဖ်အေ (UEFA) ရဲ့စည်းမျဉ်းတွေအတိုင်း ပွဲစဉ်ကို ၁၀ မိနစ်ကြာရပ်နားခဲ့ရပြီးမှ ပြန်လည်စတင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး အာဘီလိုအာက "ဗင်နီစီးယက်စ်ဆီ ဘာပြောခဲ့လဲဆိုတာ အဲ့ဒီဘင်ဖီကာကစားသမားကိုပဲ သွားမေးကြည့်လိုက်ပါ။ ဘောလုံးလောကမှာရှိတဲ့သူတိုင်း ဒီမေးခွန်းရဲ့အဖြေကို သိသင့်တယ်လို့ ထင်ပါတယ်၊ ကျွန်တော်ပြောနိုင်တာကတော့ ဒါပါပဲ။ လူမျိုးရေးခွဲခြားမှုကို လုံးဝ(လုံးဝ)လက်မခံတဲ့မူဝါဒက ကျွန်တော်တို့အတွက် အရေးကြီးဆုံးဖြစ်ရပါမယ်၊ ၂၀၂၆ ခုနှစ်လို အချိန်မျိုးမှာ ဘောလုံးကွင်းထဲ ဒီလိုကိစ္စတွေ ဖြစ်လာတာကို ခွင့်မပြုနိုင်ပါဘူး" လို့ ပြောပါတယ်။

"ဗီနီစီးယပ်စ်က သူဘယ်လို အပြောခံရတယ်ဆိုတာ ကျွန်တော့်ကို ပြောပြတဲ့အခါ သူ့ကို ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ သူဟာ ဒီလိုကိစ္စမျိုးကို အလကားသက်သက် လုပ်ကြံပြောမယ့်သူ မဟုတ်ဘူးလို့ ထင်သလို သူ့ရဲ့စကားကိုလည်း ဘယ်တော့မှ သံသယမရှိပါဘူး" လို့ ဆိုပါတယ်။

"သူ့ကို ကျွန်တော် မေးခဲ့တာက ဆက်ကစားချင်သေးလား ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူနဲ့အတူ ရှိနေပြီး သူ ဘယ်လိုပဲဆုံးဖြတ်ပါစေ အတူတူ ရပ်တည်သွားပါမယ်။ သူ့ကို အမြဲတမ်းအားပေးကူညီပြီး အသင်းတစ်ခုအဖြစ် စည်းစည်းလုံးလုံးရှိနေရပါမယ်။ ကျွန်တော် အမြဲပြောလေ့ရှိသလိုပဲ 'အတူတူသွား၊ အတူတူသေ' ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိရပါမယ်။ ကျွန်တော်တို့ထဲက တစ်ဦးဦးအပေါ် ဒီလိုအပြုအမူမျိုး လုပ်လာရင် ကျွန်တော်တို့က အမြဲတမ်းနစ်နာသူနဲ့အတူ ရှိနေရပါမယ်။ ကျွန်တော်တို့က စည်းလုံးတဲ့အသင်းဖြစ်ပြီး ဒီနေ့လိုမျိုးပဲ အမြဲတမ်းအတူတကွတိုက်ပွဲဝင်သွားပါမယ်" လို့ ဆက်ပြောပါတယ်။

ပွဲရပ်နားခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း "ဒိုင်လူကြီးကတော့ သူဘာမှ မကြားလိုက်ရဘူး၊ ဒါကြောင့် ဒီလိုအခြေအနေတွေမှာ သူဘာမှ လုပ်ပေးလို့မရဘူးလို့ ပြောပါတယ်။ ဗင်နီစီးယက်စ် ဘယ်လိုပဲ ဆုံးဖြတ်ပါစေ၊ ကျွန်တော်တို့ကတော့ သူ့ဘက်ကပါပဲ။ ဒီလိုအပြုအမူတွေကို ဘောလုံးကွင်းထဲမှာ မတွေ့ချင်တော့သလို လုံးဝသည်းခံမှာ မဟုတ်ပါဘူး။ ဗင်နီစီးယက်စ် ဘယ်လိုပဲဆုံးဖြတ်ပါစေ၊ ကျွန်တော်တို့ကတော့ ထောက်ခံပေးပါမယ်" လို့ ရှင်းပြခဲ့ပါတယ်။

"ဗင်နီစီးယက်စ် ဘယ်လိုအောင်ပွဲခံလဲဆိုတာ ကျွန်တော်မတွေ့လိုက်မိပေမဲ့ သူ့ရဲ့ လှပတဲ့ဂိုးကိုတော့ မြင်လိုက်ပါတယ်။ ဘာတွေဖြစ်ခဲ့လဲ၊ သူ့ကစားသမားက ဘာတွေပြောခဲ့လဲဆိုတာ မော်ရင်ဟိုသိရင် သူကိုယ်တိုင်လည်း ဒါမျိုးကိုခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးကို လုံးဝလက်မခံပါဘူး။ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာတော့ အလွန်ကျေနပ်မိပါတယ်။ ကစားသမားအားလုံးက တည်တည်ငြိမ်ငြိမ်နဲ့ စွမ်းဆောင်နိုင်ခဲ့ကြပြီး ဒါဟာ ကျွန်တော်တို့ မြင်ချင်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပုံစံပါပဲ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။