The network connection is lost.

Banner Image

စီရော်နယ်ဒိုရဲ့စံချိန်ကို အမ်ဘာပေကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေတဲ့ အာဘီလိုအာ

ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက တိုက်စစ်မှူးအမ်ဘာပေကို အသင်းရဲ့ဂန္ထဝင်ကစားသမား စီရော်နယ်ဒိုနဲ့နှိုင်းယှဉ်ပြီး ချီးကျူးစကားပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဗလင်စီယာနဲ့ပွဲစဉ်အတွင်း ကာရီရက်စ်နဲ့ အမ်ဘာပေတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ရီးရဲလ်မက်ဒရစ်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ဘာစီလိုနာကို တစ်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနေပါတယ်။
ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေက အခုရာသီလာလီဂါပြိုင်ပွဲ ၂၃ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဒုတိယနေရာရှိ မူရီကွီ(၁၅ ဂိုး)ထက် အပြတ်အသတ်အသာစီးရရှိပြီး လိဂ်ရဲ့သွင်းဂိုးအများဆုံးကစားသမား(ပီချီချီဆုရှင်) ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်မှာသွင်းယူခဲ့တဲ့ဂိုးက အမ်ဘာပေရဲ့ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ ၈၂ ဂိုးမြောက်လည်း ဖြစ်ပါတယ်။ အခုလိုအောင်မြင်မှုတွေဆက်တိုက်ရရှိလာချိန် သူ့ကို ရီးရဲလ်မက်ဒရစ်ဂျာစီအင်္ကျီဝတ်ဆင်ခဲ့ဖူးတဲ့ အကောင်းဆုံးကစားသမားတွေနဲ့ ပိုပြီးတော့ နှိုင်းယှဉ်ခံလာရပါတယ်။
အသင်းအတွက် စီရော်နယ်ဒိုချန်ထားခဲတဲ့ စံချိန်မှတ်တမ်းတွေကို အမ်ဘာပေကျော်ဖြတ်နိုင်ဖို့ မျှော်မှန်းနိုင်သလားဆိုတဲ့ မေးခွန်းအပေါ် အာဘီလိုအာက ဘာပေအတွက် သွားရမယ့်လမ်း အဝေးကြီး ကျန်သေးတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

"ရော်နယ်ဒိုလိုမျိုး နောက်ထပ်တစ်ယောက် မမြင်ရတော့ဘူးလို့ ကျွန်တော်တို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ အမ်ဘာပေကတော့ အဲဒီလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ လက်ရှိအချိန်မှာ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတာ သေချာပါတယ်" လို့ အာဘီလိုအာက ဆိုပါတယ်။

"စီရော်နယ်ဒို လုပ်ပြသွားတာတွေက တကယ့်ကို ထူးခြားလွန်းပြီး လိုက်မီနိုင်ဖို့အတွက် ခက်ခဲလွန်းပါတယ်။ ဘာပေကတော့ လျှောက်လှမ်းရမယ့်လမ်းကြောင်းအရှည်ကြီး ရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီရော်နယ်ဒိုက ဒီမှာ နှစ်ပေါင်းများစွာရှိနေခဲ့တာကိုး။ ဒါပေမဲ့ အမ်ဘာပေဆီမှာ စီရော်နယ်ဒိုရဲ့ လမ်းစဉ်အတိုင်းလိုက်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ တကယ်လို့ တစ်စုံတစ်ဦးကသာ ဒါကိုလုပ်နိုင်မယ်ဆိုရင် အဲဒါအမ်ဘာပေပဲ ဖြစ်လိမ့်မယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

အမ်ဘာပေက လာလီဂါမှာ ၂၃ ဂိုး၊ ချန်ပီယံလိဂ်မှာ ၁၃ ဂိုးနဲ့ စပိန်ဘုရင့်ဖလား (Copa del Rey) မှာ ၂ ဂိုး သွင်းယူထားပါတယ်။ သူဟာ ဒီရာသီမှာ အံ့ဩစရာကောင်းတဲ့ ခြေစွမ်းတွေကို ပြသနေတာဖြစ်ပေမဲ့ စီရော်နယ်ဒိုနဲ့ အမှန်တကယ်နှိုင်းယှဉ်နိုင်ဖို့ဆိုရင်တော့ အခုလိုခြေစွမ်းမျိုးကို နောက်ထပ်နှစ်အနည်းငယ်ကြာတဲ့အထိ ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။