ရော်နယ်ဒိုကို တတိယအကြိမ်မြောက်ပြန်လည်ခေါ်ယူမှာမဟုတ်တော့တဲ့ ယူနိုက်တက်
ပေါ်တူဂီဂန္ထဝင်ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ဖို့အတွက် လက်ရှိ အယ်လ်နာဆာအသင်းမှာ ပွဲမထွက်ဘဲ ဆန္ဒပြနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုမပါဝင်ဘဲ အယ်လ်အစ်တီဟတ်အသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာတော့ ဆာဒီယိုမာနေးနဲ့ အန်ဂျလိုဂါဘရီယယ်တို့က အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ရော်နယ်ဒိုအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းလာမယ်ဆိုရင် အယ်လ်နာဆာအသင်းဘက်က တားဆီးသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါဟာ ရော်နယ်ဒိုနဲ့ အယ်လ်နာဆာတို့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ ပေါ်တူဂီအိုင်ကွန်ကြီး အသင်းကနေ ထွက်ခွာတော့မယ့် အရိပ်အယောင်တစ်ခုလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်ကြယ်ပွင့်ဟောင်း ရော်နယ်ဒိုကို အမေရိကန် မေဂျာလိဂ်ကလပ်တွေက စိတ်ဝင်စားနေပြီး အထူးသဖြင့် လီယွန်နယ်မက်ဆီ ကစားနေတဲ့ အင်တာမိုင်ယာမီအသင်းမှာ ပြန်လည်ဆုံစည်းနိုင်ခြေ ရှိတယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
တစ်ဖက်မှာလည်း ရော်နယ်ဒိုဟာ သူ့ရဲ့ကလပ်ဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီ တစ်ကျော့ပြန် ပြန်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်တွေ ရှိနေတာပါ။ ဒါပေမဲ့ စကိုင်းစပို့စ်ရဲ့ ဖော်ပြချက်အရ "ဒီရွေးချယ်မှုဟာ အပြီးတိုင် ပိတ်သွားပြီ" လို့ သိရပြီး မန်ယူနိုက်တက်အသင်းအနေနဲ့ ရော်နယ်ဒိုကို တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူဖို့ လုံးဝစိတ်ဝင်စားမှုမရှိဘူးလို့ ဆိုပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်နှစ်ကို ပေါင် ၁၇၇ သန်းအထိ ရရှိတဲ့ ဘောလုံးသမိုင်းတစ်လျှောက် လုပ်ခလစာ အများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာ ရော်နယ်ဒိုရဲ့ စာချုပ်သက်တမ်းဟာ ၁၈ လသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဥရောပကလပ်အသင်း အများစုဟာ သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို တတ်နိုင်ခြင်းမရှိကြပေမဲ့ ရော်နယ်ဒိုကတော့ လာမယ့်နွေရာသီမှာ ဆော်ဒီအာရေဗျမြေကနေ ထွက်ခွာဖို့ ကြိုးပမ်းလာနိုင်ဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။