The network connection is lost.

Banner Image

အင်းနရစ်နဲ့ တူချယ်လ်ကလွဲပြီး ကာရစ်နေရာမှာ အခြားနည်းပြနဲ့အစားထိုးဖို့မဖြစ်နိုင်ဘူးလို့ သုံးသပ်လာတဲ့ ဟားဂရေ့ဗ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်က ယာယီနည်းပြ မိုက်ကယ် ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ဘယ်သူတွေက တားဆီးနိုင်မလဲဆိုတာကို ထုတ်ဖော် ပြောကြားလာပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က တော့တင်ဟမ်ကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲဟာ နည်းပြဟောင်း ရူဘင်အာမိုရင်ဆီကနေ အသင်းကို တာဝန်ယူကိုင်တွယ်ပြီးနောက် ကာရစ်အတွက် ၄ ပွဲဆက်တိုက် အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။

သတင်းတွေအရ မန်ယူအသင်းဟာ အမြဲတမ်းနည်းပြသစ် ခန့်အပ်ဖို့အတွက် လုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ပြီး အကယ်၍ ကာရစ်အနေနဲ့ အသင်းကို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ရင် သူဟာ နည်းပြသစ်စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေမှာ ဖြစ်ပါတယ်။

ကာရစ်ဟာ ယူနိုက်တက်ကို ဥရောပပြိုင်ပွဲဝင်ခွင့် ပြန်လည်မျှော်လင့်နိုင်တဲ့ အဆင့်အတန်းတစ်ခုဆီ ရောက်အောင် ပြောင်းလဲပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ အောင်မြင်မှုတွေကို လျစ်လျူရှုထားလို့ မရကြောင်း ဟားဂရေ့ဗ်က တီအန်တီ အားကစားအစီအစဉ်မှာ ပြောဆိုခဲ့တာပါ။

"သူ့ကို အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်ဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အိုလီရဲ့ အတွေ့အကြုံကို ကျွန်တော်တို့ သိထားပေမယ့် သူလည်း အဆင့် ၂ နဲ့ အဆုံးသတ်နိုင်ခဲ့သလို တစ်ချိန်က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပါတယ်။ ဘောလုံးမှာ အတက်အကျဆိုတာ ရှိစမြဲဖြစ်ပြီး ကောင်းမွန်နေတဲ့ အချိန်မှာတော့ ဒါကို ပျော်ပျော်ရွှင်ရွှင် ခံစားရမှာပါ" လို့ ဟားဂရေ့ဗ်က ဆိုပါတယ်။

ဆက်လက်ပြီး "အခုချိန်မှာ ယူနိုက်တက်က အခြေအနေကောင်းနေပါတယ်။ အသင်းမှာ ဆူညံသံတွေ ထွက်ပေါ်ခဲ့တဲ့ အခြေအနေကနေ အဆင့် ၃ ဒါမှမဟုတ် အဆင့် ၄ နဲ့သာ အဆုံးသတ်ခဲ့ရင် သူ့ကို နည်းပြအဖြစ် ဘယ်လိုလုပ် မခန့်ဘဲ နေမလဲ" လို့လည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။

ဟားဂရေ့ဗ်က "တစ်ခုတည်းသော ပြဿနာက အတွေ့အကြုံပါပဲ။ အကယ်၍ လူးဝစ် အင်းနရစ် ဒါမှမဟုတ် တူချယ်လ်တို့လို နည်းပြမျိုး ရနိုင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အခုချိန်မှာ အရေးကြီးဆုံးက နည်းပြ ဒါမှမဟုတ် ကစားသမားတွေ မဟုတ်ဘဲ အသင်း အောင်မြင်နေဖို့ပါ။ အသင်းက နိုင်ပွဲတွေ ရနေပြီး ကာရစ်က ဒါကို ပုံဖော်နေတာ ဖြစ်တဲ့အတွက် ဘာလို့ ပြောင်းလဲချင်ရတာလဲ" လို့ ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာ မန်ယူအသင်းဟာ ပြည်တွင်းဖလား ပြိုင်ပွဲနှစ်ခုလုံးကနေ ထွက်ခွာခဲ့ရပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းက ကာရစ်အတွက် အမြဲတမ်းနည်းပြရာထူး ရရှိဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။