The network connection is lost.

Banner Image

ဝက်စ်ဟမ်းနှင့် ရင်ဆိုင်ရမည့်ပွဲမတိုင်မီ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို မိုက်ကယ်ကာရစ် ချီးကျူး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ ဒီတစ်ပတ်အတွင်း ရင်ဆိုင်ကစားရမယ့် ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ပွဲစဉ်မတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံကာ အသင်းရဲ့ အခြေအနေတွေကို ပြောကြားခဲ့ပါတယ်။

အိမ်ရှင် ဝက်စ်ဟမ်းအသင်းဟာ လန်ဒန်မြို့မှာ ယူနိုက်တက်အသင်းကို ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရူဘင်အာမိုရင်ရဲ့ နေရာကို မိုက်ကယ်ကာရစ် အစားထိုး တာဝန်ယူခဲ့ပြီးနောက်ပိုင်း ၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့အတူ အကောင်းဆုံး ပုံစံရရှိနေတာပါ။

မိုက်ကယ်ကာရစ်ရဲ့ လက်ထက်မှာ ယူနိုက်တက်ဟာ ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ အနည်းဆုံး ၂ ဂိုးစီ သွင်းယူထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးအသင်းက အနီးကပ် ဖိအားပေးနေတာကြောင့် ထိပ်ဆုံး ၄ သင်းစာရင်းမှာ ဆက်လက် ရပ်တည်နိုင်ဖို့ ယူနိုက်တက်တို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း မိုက်ကယ်ကာရစ်က သူ့ရဲ့လက်ထက်မှာ ခြေစွမ်းပြနေတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို အထူးချီးကျူးခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကလည်း မကြာသေးမီက ကာရစ်ဟာ အနာဂတ်မှာ နည်းပြကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြုထားဖူးပါတယ်။

"သူဟာ ဘယ်လောက်တောင် ဉာဏ်ရည်ထက်မြက်တဲ့ ဘောလုံးသမားလဲဆိုတာ ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ သူဟာ အလွန်ထက်မြက်သလို ဒီကလပ်အသင်းအပေါ်မှာလည်း အလွန်အမင်း စိတ်အားထက်သန်သူ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ တူညီတဲ့ ရည်မှန်းချက်တစ်ခုတည်းကိုပဲ သွားချင်ကြတာပါ" လို့ မိုက်ကယ်ကာရစ်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက "ကိုယ်တိုင်လည်း အလွန်လေးစားရတဲ့ ဘရူနိုလို ကစားသမားမျိုးဆီက ချီးကျူးစကား ကြားရတာ ဝမ်းသာစရာပါပဲ။ ဒါပေမဲ့ အဓိကအချက်က အသင်းလိုက် အကောင်းဆုံး ဖြစ်ဖို့နဲ့ အားလုံး စုစည်းလုပ်ဆောင်ဖို့ပါပဲ။ အခုချိန်မှာ အောင်မြင်မှုကို ဆုံးဖြတ်ဖို့ စောပါသေးတယ်၊ ဘာမှ ထူးထူးခြားခြား ဖြစ်မလာသေးလို့ပါ။ ရာသီကုန်အထိ ကျွန်တော်တို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေးတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဘန်လေအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဇယားအောက်ခြေမှာ ရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းဟာ အသေအလဲ တိုက်ပွဲဝင်လာမှာကိုလည်း ကာရစ်က သတိပြုမိနေပါတယ်။

"ကျွန်တော်တို့မှာလည်း တိုက်ပွဲဝင်ရမယ့် အကြောင်းပြချက်တွေ အများကြီး ရှိနေတာကြောင့် အပြန်အလှန် ရှိနေမှာပါ။ ဘယ်သူက အသာစီးရမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမဲ့ အင်္ဂါနေ့ညပွဲစဉ်ဟာ ဘယ်လောက် ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်း သတိပြုမိပါတယ်" လို့ ၎င်းက ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ အသင်းရဲ့ လူစာရင်းသတင်းကို ပြောကြားရာမှာတော့ မေဆန်မောင့်နဲ့ မာသိုက်ဒီလစ်ချ်တို့ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကြိုးစားနေရဆဲ ဖြစ်တာကြောင့် ဒီတစ်ပတ်မှာ ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်း မိုက်ကယ်ကာရစ်က အတည်ပြုခဲ့ပါတယ်။

"မေဆန်မောင့်ကတော့ အင်္ဂါနေ့ပွဲမှာ ပါနိုင်ဦးမှာ မဟုတ်ပေမဲ့ အဲဗာတန်နဲ့ပွဲမှာတော့ သေချာပေါက် ပြန်ပါလာပါလိမ့်မယ်။ မာသိုက်ဒီလစ်ကတော့ အခြေအနေ ကောင်းမွန်နေပြီး လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပေမဲ့ မေဆန်မောင့်ကတော့ သူ့ထက် ပိုပြီးတော့ အဆင်သင့်ဖြစ်နေပါပြီ" လို့ ကာရစ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။