ပုခုံးဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူရဖို့ရှိနေပြီး ရာသီကုန်အထိ အနားယူရနိုင်တဲ့ ဂျာကေး
ရန်းနက်စ်အသင်းရဲ့ ခံစစ်မှူးဖြစ်သလို လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတဲ့ လူငယ်ကြယ်ပွင့်ဂျာကေးဟာ ပြင်းထန်ပုခုံးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူသွားရပါမယ်။
အသက် ၂၀ နှစ်အရွယ်ရှိနောက်ခံလူဟာ ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ပရီးမီးယားလိဂ်ထိပ်သီးလီဗာပူးဆီပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ခံစစ်ပိုင်းအားဖြည့်ဖို့ အသည်းအသန်လိုအပ်နေတဲ့ လီဗာပူးဆီကိုတော့ အခုရာသီကုန်မှာ ဂျာကေးစတင်ပူးပေါင်းပါလိမ့်မယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့စနေနေ့၊ လန်းစ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ဂျာကေး ဒဏ်ရာရရှိခဲ့လို့ လီဗာပူးပရိသတ်တွေကြား စိုးရိမ်မှုမြင့်တက်နေပါတယ်။ အခုရာသီလက်ကျန်ပွဲစဉ်တွေမှာ သူ့ကို ကွင်းအတွင်း ပြန်လည်မြင်တွေ့ရဖို့မသေချာတော့တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ပွဲကစားချိန် ၆၉ မိနစ်မှာ ပုခုံးဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ ဂျာကေးအတွက် ကြံ့ခိုင်မှုအပြည့်အဝပြန်ရရှိဖို့ခွဲစိတ်ကုသမှုမဖြစ်မနေလုပ်ဆောင်ရမယ်လို့ L'Equipe သတင်းဌာနမှ ဖော်ပြထားပါတယ်။ ဒါဟာ လူငယ်နောက်ခံလူအတွက် အခုဘောလုံးရာသီ လုံးဝကုန်ဆုံးသွားပြီဆိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။
သတင်းတွေအရ အခြေအနေကောင်းတယ်ဆိုရင်တောင် ဂျက်ကွက်အတွက် ရက်သတ္တပတ်အတော်ကြာ အနားယူသွားရမယ်လို့ သိရပါတယ်။ ခွဲစိတ်မှုအပိုင်းမှာ ထင်သလောက် အဆင်မပြေခဲ့ဘူးဆိုရင် ဂျာကေးက လီဗာပူးအသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်အချို့ကိုတောင် လွဲချော်သွားနိုင်တယ်လို့ သိရပါတယ်။
လီဗာပူးနည်းပြအန်းစလော့အတွက်တော့ ဒါဟာ ကံဆိုးမှုတစ်ခုလို့ ဆိုရပါမယ်။ နွေရာသီမှာ ခေါ်ယူထားတဲ့ လီယိုနီလည်း အခုဘောလုံးရာသီကုန်အထိ အနားယူရဖို့ရှိနေလို့ အန်းစလော့အတွက် ခံစစ်ပိုင်းပြဿနာကို ဖြေရှင်းဖို့ကြိုးစားရာမှာ ကံမကောင်းမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပါတယ်။