မိုင်နူးရဲ့ကစားသမားဘဝကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့တဲ့ အာမိုရင်ကို တရားစွဲသင့်တယ်လို့ နောက်ပြောင်ပြောဆိုလာတဲ့ ဂယ်ရီလိုင်ကာ
ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူး ဂယ်ရီလိုင်ကာက မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကိုဘီမိုင်နူးအပေါ် နည်းပြဟောင်း ရူဘင်အာမိုရင်ရဲ့ ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။
မိုင်နူးဟာ ယာယီနည်းပြ မိုက်ကယ်ကာရစ် လက်ထက်ရောက်မှသာ ၂၀၂၅-၂၆ ရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် (၄) ပွဲဆက်တိုက် ပွဲထွက်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ကိုဘီမိုင်နူးကို အဓိကအားထား အသုံးပြုပြီး သူကိုင်တွယ်ခဲ့တဲ့ အဖွင့် (၄) ပွဲစလုံးမှာ အနိုင်ရလဒ် ဖော်ဆောင်ပေးထားနိုင်ခဲ့ပါတယ်။
အရင်နည်းပြ ရူဘင်အာမိုရင် လက်ထက်မှာတော့ ကိုဘီမိုင်နူးဟာ အသင်းကနေ ဖယ်ကျဉ်ခံထားခဲ့ရသလို၊ ပြီးခဲ့တဲ့ နွေရာသီက နာပိုလီအသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးပမ်းမှုကိုလည်း အာမိုရင်က ပိတ်ပင်ခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေက မိုင်နူးကို ကွင်းအတွင်း ပြန်မြင်တွေ့ရဖို့ လွမ်းဆွတ်နေခဲ့ကြရတာပါ။
အသက် (၂၀) အရွယ်သာ ရှိသေးတဲ့ မိုင်နူးဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သောမတ်စ်တူချယ်လ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားနေပြီး အခုလက်ရှိ ခြေစွမ်းအရတော့ ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဂယ်ရီလိုင်ကာက "The Rest is Football" အစီအစဉ်မှာ မိန်းနူးရဲ့ ကစားသမားဘဝကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့တဲ့ အာမိုရင်ကို တရားစွဲသင့်တယ်လို့ နောက်ပြောင်ပြီးတော့ ခုလိုပဲ ပြောခဲ့ပါတယ်။
"ကျွန်တော်သာ ကိုဘီမိုင်နူး ဖြစ်မယ်ဆိုရင် အာမိုရင်ကို တရားစွဲဖို့တောင် စဉ်းစားမိမှာပါ။ ဒါကို နောက်ပြောင်ပြီး ပြောတာဆိုပေမဲ့ သူဟာ ဒီကလေးရဲ့ ကစားသမားသက်တမ်း တစ်နှစ်စာလောက်ကို ဖြုန်းတီးပစ်ခဲ့တာပါ။ မိုင်နူးဟာ တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ" လို့ ဂယ်ရီလိုင်ကာက ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက "အံ့ဩစရာကောင်းတာတစ်ခုက သူကစားတာကို ကြည့်ရတာ အရမ်းလွယ်ကူနေတာပဲ။ ဘောလုံးကို အမြဲလိုချင်စိတ်ရှိတယ်၊ လူတွေ ဝိုင်းနေရင်တောင် ဘောလုံးကို လက်ခံယူပြီး ပါးပါးနပ်နပ်နဲ့ တစ်ချက်လှည့်ထွက်သွားတာတွေ၊ ဆုံးဖြတ်ချက် မှန်ကန်တာတွေက တကယ့်ကို ကြည့်လို့ ကောင်းပါတယ်။ အာမိုရင်ကတော့ သူ့ရဲ့ ကစားသမားဘဝကို အဆိုးရွားဆုံး ထိခိုက်အောင် လုပ်ခဲ့တာပါ" လို့ ဖွင့်ဟခဲ့ပါတယ်။
မိုင်နူးဟာ လက်ရှိ ၂၀၂၅-၂၆ ရာသီအတွင်း ပြိုင်ပွဲစုံ (၁၈) ပွဲ ကစားထားပြီး ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ပေးထားပါတယ်။
သူဟာ မိုက်ကယ်ကာရစ် လက်ထက်မှာ ပိုမိုတိုးတက်လာတာဖြစ်လို့ အရင်နည်းပြ အာမိုရင်က ဘာကြောင့် မိုင်နူးကို အသင်းမှာ အခွင့်အရေး မပေးခဲ့တာလဲဆိုတာ ကာရစ်အတွက်တော့ စဉ်းစားရခက်စရာ ဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။