The network connection is lost.

Banner Image

ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲရလဒ်က ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ အခွင့်အရေးဖြစ်လာနိုင်

မန်ချက်စတာယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းဆီ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ လာမယ့်နွေရာသီမှာ နူးကမ့်မြေမှာပဲ အပြီးသတ်ခြေချခွင့်ရဖို့ နီးစပ်နေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြဟောင်း ရူဘင်အာမိုရင်ရဲ့ လက်အောက်မှာ နေရာပျောက်ဆုံးခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ဂျေဒန်ဆန်ချို၊ အလက်ဇန်ဒရိုဂါနာချိုတို့နဲ့အတူ အသင်းကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။

အခုရာသီအစမှာ စပိန်မြေဆီ အငှားနဲ့ ရောက်ရှိလာပြီးနောက် အင်္ဂလန်တိုက်စစ်မှူးဟာ လာလီဂါအင်အားကြီးအသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ဆယ်ဂဏန်းအထိ ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ အသက် ၂၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ကို အလွန်သဘောကျတဲ့ နည်းပြ ဟန်ဆီဖလစ်ရဲ့ လက်အောက်မှာ သူဟာ အကောင်းဆုံး ခြေစွမ်းပြသနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲ နီးကပ်လာတာဟာ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်အပေါ် အများကြီး သက်ရောက်မှုရှိလာနိုင်ပါတယ်။ လက်ရှိဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာဟာ ရက်ရှ်ဖို့ဒ်ကို အလွန်သဘောကျသူဖြစ်ပြီး လာမယ့်နွေရာသီမှာ သူ့ကို အပြီးသတ်ခေါ်ယူဖို့ အားသန်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ရက်ရှ်ဖို့ဒ်ကို ယူရို ၃၀ သန်းတည်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိနေတာကလည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ သူဟာ အသင်းအတွက် ၃၄ ပွဲကစားထားရာမှာ ၁၀ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ လာပေါ်တာဟာ ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရဖို့အတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုအာရုံစိုက်နေတယ်လို့ သိရပါတယ်။ သူဟာ စံပြပုဂ္ဂိုလ်တစ်ဦးထက် အသင်းရဲ့ပြဿနာတွေကို ကျွမ်းကျင်စွာ ဖြေရှင်းပေးနိုင်သူအဖြစ် ပုံဖော်ကာ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တန်ဖိုးနည်းနည်းနဲ့ ခေါ်ယူနိုင်မယ့်အချက်ဟာ လာပေါ်တာရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဆွဲဆောင်မှုရှိတဲ့ အချက်တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လာပေါ်တာရဲ့ ပြိုင်ဘက်ဖြစ်သူ ဗစ်တာဖောင့်ကတော့ "တစ်ဦးတစ်ယောက်တည်းအပေါ် အခြေခံတဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေက စနစ်ဟောင်းကို ဆက်သွားမလား၊ ဒါမှမဟုတ် အသင်းရဲ့အောင်မြင်မှုနဲ့ အနာဂတ်ကို ကာကွယ်ပေးနိုင်မယ့် နယ်ပယ်စုံက ထိပ်သီးပညာရှင်တွေ ပါဝင်တဲ့ စီမံကိန်းသစ်ကို ရွေးချယ်မလားဆိုတာ ပရိသတ်တွေ ဆုံးဖြတ်ရမယ်" လို့ တိုက်တွန်းထားပါတယ်။

နည်းပြ ဟန်ဆီဖလစ်နဲ့ လာပေါ်တာတို့ကတော့ ရက်ရှ်ဖို့ဒ်ကို ဆက်ထိန်းထားချင်ကြပေမဲ့ ဗစ်တာဖောင့်ရဲ့ သဘောထားကိုတော့ မသိရသေးပါဘူး။ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်ကို ဘဏ္ဍာရေး အခက်အခဲတွေကြားကပဲ အပြီးသတ်ခေါ်ယူဖို့ အသင်းဘက်က အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားဖွယ် ရှိနေပါတယ်။