The network connection is lost.

Banner Image

ဘာစီလိုနာဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ အရေးကြီးတဲ့နေရာကနေ ပါဝင်လာဖို့ရှိနေတဲ့ အက်သလက်တီကိုကြယ်ပွင့် အယ်လ်ဗာရက်ဇ်

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ဟာ လာမယ့်လမှာ ကျင်းပမယ့် ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲမှာ အဓိကဇာတ်ကောင်တစ်ဦး ဖြစ်လာဖို့ရှိပါတယ်။

လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ကတ်တလန်ကလပ် ဘာစီလိုနာရဲ့ အသင်းဝင်တွေဟာ ဥက္ကဋ္ဌသစ်ကို မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိဥက္ကဋ္ဌ ဂျိုအန် လာပေါ်တာကို စိန်ခေါ်မယ့်သူတွေကလည်း သူတို့ရဲ့ ရာထူးနေရာအတွက် ပြင်ဆင်မှုတွေကို စတင်နေပြီလို့ သိရပါတယ်။

ဒီရွေးကောက်ပွဲကာလအတွင်းမှာ အများဆုံး ကြားရမယ့် နာမည်တစ်ခုကတော့ အယ်လ်ဗာရက်ဇ်ပဲ ဖြစ်တယ်လို့ မာကာသတင်းဌာနက ဖော်ပြထားပါတယ်။

အခုရာသီမှာ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်သေးတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ လာမယ့်နွေရာသီမှာ ကလပ်အသင်းအပြောင်းအလဲ ပြုလုပ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘာစီလိုနာဥက္ကဋ္ဌနေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အနည်းဆုံး လောင်းတစ်ဦးဟာ အယ်လ်ဗာရက်ဇ်ကို လာမယ့်ရာသီအတွက် သူတို့ရဲ့ အဓိကကြယ်ပွင့်ကစားသမားအဖြစ် ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကမ်ပိန်းအတွင်းမှာ ဒီလိုအဆင့်အတန်းရှိတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူပေးမယ်လို့ ကတိပေးနိုင်တာဟာ ကြီးမားတဲ့ အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် ရောဘတ် လီဝန်ဒေါစကီးဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့ များနေတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဖာရန် တောရက်စ်နဲ့ တွဲဖက်ကစားပေးမယ့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ဘာစီလိုနာအတွက် လိုအပ်နေတာပါ။

လက်ရှိအခြေအနေတွေအရ ဘာစီလိုနာဥက္ကဋ္ဌ ရွေးကောက်ပွဲ မတိုင်ခင်အထိ အယ်လ်ဗာရက်ဇ်ရဲ့ နာမည်ဟာ အပြောင်းအရွှေ့သတင်းတွေမှာ အလွန်ရေပန်းစားနေဦးမှာ ဖြစ်တယ်လို့ တွေ့ရပါတယ်။