The network connection is lost.

Banner Image

ဘာစီလိုနာအတွက်ပြန်ကစားနိုင်ဖို့ လေ့ကျင့်ရေးလုပ်ငန်းတွေပြန်လုပ်ပြုလုပ်နေတဲ့ ဂါဗီ

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဂါဗီဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး အရေးကြီးတဲ့ ခြေလှမ်းတွေကို ဆက်လက်လှမ်းနေပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက သူ့ရဲ့ ညာဘက်ဒူးဆစ်အရိုးနုဒဏ်ရာကို ကုသဖို့အတွက် မှန်ပြောင်းဖြင့် ခွဲစိတ်မှု ခံယူခဲ့ရတာပါ။ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် ၄ လကနေ ၅ လကြား အချိန်ယူရမယ်လို့ ခန့်မှန်းထားခဲ့ကြပြီး ဂါဗီကိုယ်တိုင်လည်း သူ့ရဲ့ အခြေအနေတွေကို လူမှုကွန်ရက်ကတစ်ဆင့် အမြဲတမ်း အသိပေးနေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း သူဟာ ပတ်ဒရီနဲ့အတူ ကွင်းထဲမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး ဒါဟာ သူပြန်လာနိုင်ဖို့အတွက် အရေးကြီးတဲ့ တိုးတက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဂါဗီဟာ ဘောလုံးနဲ့အတူ စတင်လေ့ကျင့်နေပြီဖြစ်လို့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုကို တိုးနိုင်ခဲ့ပြီး အဲဒီဗီဒီယိုဖိုင်ကိုလည်း လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ သူဟာ နည်းပြအဖွဲ့ဝင်တစ်ဦးရဲ့ အကူအညီနဲ့ ဘောလုံးအများအပြားကို အသုံးပြုပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာကို မြင်တွေ့ရမှာပါ။

"အချိန်အတော်ကြာပြီးမှ ဘောလုံးနဲ့ ပြန်လေ့ကျင့်ရတဲ့ ခံစားချက်က တကယ်ကို ကောင်းပါတယ်" လို့ အသင်းအကယ်ဒမီထွက် ကစားသမားလေးက ရေးသားထားပါတယ်။

ဘောလုံးနဲ့အတူ လေ့ကျင့်ခန်းဆင်းရာမှာ အဆင်ပြေပြေနဲ့ ပုံမှန်ခံစားချက်မျိုး အပြည့်အဝ ပြန်ရလာပြီဆိုရင်တော့ နောက်ထပ်လုပ်ဆောင်ရမယ့် အဆင့်က အသင်းဖော်တွေနဲ့အတူ စုပေါင်းလေ့ကျင့်ခန်းဆင်းဖို့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဆေးဘက်ဆိုင်ရာ ခွင့်ပြုချက်ရရှိမှာဖြစ်ပြီး နည်းပြ ဟန်ဆီဖလစ် ရွေးချယ်နိုင်မယ့် လူစာရင်းမှာ ပါဝင်လာတော့မှာပါ။

လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ဆိုရင် ဒဏ်ရာကုသဖို့ ကနဦးသတ်မှတ်ထားတဲ့ ၅ လတာကာလ ပြည့်မြောက်တော့မှာ ဖြစ်ပေမဲ့ ကလပ်အသင်းဘက်ကရော နည်းပြအဖွဲ့ဝင်တွေဘက်ကပါ သူ အသင်းနဲ့အတူ ဘယ်တော့ပြန်ပူးပေါင်းရမယ်ဆိုတဲ့ အချိန်အတိအကျကိုတော့ ဖိအားပေး သတ်မှတ်ထားခြင်း မရှိပါဘူး။

ဂါဗီဟာ ဒဏ်ရာမရခင် ဒီရာသီမှာ လူစားဝင်ကစားသမားအဖြစ် ၂ ပွဲသာ ပါဝင်ကစားထားရသေးပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။