ဘာစီလိုနာအတွက် ပထမဆုံးသွင်းဂိုး ရယူနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် မာ့ခ်ဘာနယ်လ်ကို ဇာဗီ ချီးကျူးဂုဏ်ပြု
ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်သူ ဇာဗီဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့် မာ့ခ်ဘာနယ်လ် ပထမဆုံးစီနီယာသွင်းဂိုး ရယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကတစ်ဆင့် ဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းက မာယော့ကာအသင်းကို စပေါ်တီဖိုင်း ကမ့်ပ်နူးကွင်းမှာ ဧည့်ခံကစားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ လူငယ်ကွင်းလယ်လူ မာ့ခ်ဘာနယ်လ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည်အနားယူခဲ့ရပြီးနောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာစေဖို့ ကြိုးပမ်းနေသူဖြစ်ပြီး ပွဲနှောင်းပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့တာပါ။
ဘာစီလိုနာအသင်းက ၃ ဂိုး - ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အသက် ၁၈ နှစ်အရွယ် ဘာနယ်လ်က အသင်းအတွက် နောက်ဆုံးပိတ် အပိတ်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။
ဂိုးဧရိယာအတွင်း ထိုးဖောက်ဝင်ရောက်လာပြီးနောက် စပိန်လူငယ်လေးဟာ ၎င်းရဲ့ အားကိုးရတဲ့ ဘယ်ခြေနဲ့ ဂိုးပေါက်အောက်ခြေထောင့်ထဲကို အပိုင်ကန်သွင်းယူခဲ့တာ တွေ့ရပါတယ်။
ဒါဟာ ဘာနယ်လ်အတွက် စီနီယာကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်ပြီး ဂိုးသွင်းယူပြီးနောက်မှာတော့ ဘာစီလိုနာအသင်းတံဆိပ်ကို နမ်းရှုံ့ကာ အားပါတရ အောင်ပွဲခံခဲ့ပါတယ်။
ဒီလိုခြေစွမ်းပြနိုင်မှုကြောင့် ဘာစီလိုနာအသင်းရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဇာဗီကလည်း မနေနိုင်မထိုင်နိုင် ဂုဏ်ပြုစကားဆိုခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ ဇာဗီက ၎င်းရဲ့ အင်စတာဂရမ်အကောင့်မှာ ဘာနယ်လ်ရဲ့ ဓာတ်ပုံနှစ်ပုံကို တင်ခဲ့ပါတယ်။
အဆိုပါဓာတ်ပုံနဲ့အတူ "ဂုဏ်ယူပါတယ် မာ့ခ်!!" လို့ စာသားရေးသားကာ လူငယ်ကြယ်ပွင့်လေးကို ချီးကျူးစကားဆိုခဲ့တာဖြစ်ပါတယ်။