
အင်တာနဲ့ပွဲမတိုင်ခင် အဓိကကစားသမား ၂ ဦးရဲ့ကြံ့ခိုင်မှုအနေအထားကို ထုတ်ဖော်ပြောကြားလာတဲ့ ဖလစ်
ဘာစီလိုနာနည်းပြ ဖလစ်က လာမယ့်အင်တာမီလန်နဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမှာ ဘလိတ် နဲ့ လီဝန်ဒေါစကီးတို့ ပြန်လည်ပါဝင်လာမယ်လို့ မျှော်လင့်နေပါတယ်။ တကယ်လို့ အဆင်ပြေခဲ့ရင် သူတို့ ၂ ဦးစလုံး လာမယ့်ဗယ်လာဒိုးလစ်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ ဘလိတ်ကတော့ ဧပြီလ ၁၂ ရက်နေ့တုန်းက လီဂါနက်စ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အင်တာ ၊ ရီးရဲလ်စတဲ့ပွဲတွေကို လွဲချော်ခဲ့ပါတယ်။
“ကျွန်တော်တို့ အခြေအနေကိုစောင့်ဆိုင်းနေသလို တစ်နေ့ချင်းတိုးတက်လာတာတွေကို ကြည့်နေပါတယ်။ သူတို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခြေအနေကြည့်ရပါဦးမယ်။ ကာဆာဒိုအခြေအနေကလည်း အတူတူပါပဲ။ ဒီနေ့မှာတော့ သူလေ့ကျင့်ခန်းဆင်းနေပါပြီ။ ကျွန်တော်တို့ ဘာအရဲစွန့်မှုမှလုပ်မှာမဟုတ်ပါဘူး။ ရောဘတ်အခြေအနေကလည်း တိုးတက်လာပါတယ်။ ဘလိတ်အခြေအနေကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။ လီဝန်ဒေါစကီး နဲ့ ဘလိတ်တို့ သောကြာနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပြီး လာမယ့်ဗယ်လာဒိုးလစ်နဲ့ပွဲအတွက် မသေချာသေးတာဖြစ်ပါတယ်။
“သူ(လီဝန်) လာမယ့်အင်တာနဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိပါတယ်။ အခြေအနေက တိုးတက်လာနေပြီး မျှော်လင့်ထားတာထက် ပိုကောင်းလာနေပါတယ်။ ကျွန်တော်တို့ အခြေအနေစောင့်ကြည့်ရပါဦးမယ်။ သူက ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်သလို ၁၀၀% အလုပ်ကြိုးစားပါတယ်။ သူ အင်္ဂါနေ့မှာ ပြန်လာနိုင်မှာပါ”လို့ ဖလစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ခရစ္စတီယန်ဆန်တစ်ယောက် အင်တာနဲ့ပွဲမှာ သြဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်ပါဝင်လာခဲ့ပြီးနောက် ဘာစီလိုနာအတွက် သတင်းကောင်းတွေများပြားလာပြီး တာစတီဂျန်လည်း လာမယ့်ဗယ်လာဒိုးလစ်နဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိနေတာဖြစ်ပါတယ်။ ကာဆာဒိုကလည်း မတ်လအလယ်နောက်ပိုင်း ပထမဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် ဘာနယ်ကတော့ မသေချာသေးတာဖြစ်ပါတယ်။