
ဒဏ်ရာပြဿနာမှ အကောင်းဆုံးပြန်လာမယ်လို့ အခိုင်အမာပြောကြားလာတဲ့ ဂါဗီ
ယခုတစ်ပတ်အစောပိုင်းက ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဂါဗီဟာ ဒူးခေါင်းဒဏ်ရာပြဿနာကို ခွဲစိတ်ကုသမှုခံယူသွားရမှာဖြစ်လို့ ဘောလုံးကစားခြင်းမှ ၄-၅ လခန့်အထိ အနားယူရမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကစားသမားက သူ့အနေနဲ့ ခွဲစိတ်ကုသမှုခံယူပြီး ကြံ့ခိုင်မှုပြန်လည်ရရှိလာပါက အကောင်းဆုံးပုံစံနဲ့ပြန်လာမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဂါဗီဟာ ဒူခေါင်းအရွတ်စုတ်ပြဲဒဏ်ရာကြောင့် တစ်နှစ်ခန့်အထိ အနားယူခဲ့ရသူဖြစ်ပြီး ယခုအခါမှာလည်း အဆိုပါဒဏ်ရာကြောင့်ပဲ နောက်ထပ်တစ်ကြိမ် ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပါတယ်။ စပိန်လက်ရွေးစင်ဟာ ဒဏ်ရာပြင်းထန်ပေမယ့် စိတ်ဓာတ်ပိုင်းကျဆင်းသွားခြင်းမရှိကြောင်း အခိုင်အမာပြောကြားခဲ့ပြီး အားပေးစကားပြောပေးခဲ့တဲ့ အသင်းဖော်တွေကို ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့တယ်။
ဂါဗီက "ကျွန်တော့်အကြောင်းကိုသိတဲ့လူတွေက ကျွန်တော်ပြန်လာမယ်ဆိုတာ ယုံကြည်ကြပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဘာစီလိုနာက လိုအပ်တဲ့အချိန်တိုင်းမှာ ပြန်လည်အကူအညီပေးနိုင်ဖို့ နောက်ဆုံးအချိန်အထိ ကြိုးစားသွားမှာပါ။ ချန်ပီယံတစ်ယောက် အောင်မြင်နေတဲ့အချိန်မှာ လူတွေသတိထားမိကြပေမယ့် ကျရှုံးသွားရင်တော့ လွယ်လွယ်ကူကူမေ့ပျောက်ကြပါတယ်။ ကျွန်တော်ကတော့ အကောင်းဆုံးပုံစံနဲ့ပြန်လာဖို့ကြိုးစားသွားမှာပါ။ ကျွန်တော့်ကို မက်ဆေ့ပို့ပြီးအားပေးခဲ့ကြတဲ့ အသင်းဖော်တွေ၊ မိတ်ဆွေတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဂါဗီဟာ ဘာစီလိုနာအသင်းရဲ့နာမည်ကျော်ကြယ်ပွင့်တွေထဲမှတစ်ဦးဖြစ်သလို၊ အသင်းအဝတ်လဲခန်းထဲမှာလည်း လူချစ်လူခင်များသူတစ်ယောက်ဖြစ်တာကြောင့် အသင်းဖော်တွေထံမှ အားပေးစကားတွေ အများအပြားရရှိထားသူဖြစ်ပါတယ်။
အသင်းဖော် လာမိုင်းယာမယ်လ်က "ကျွန်တော့်ရဲ့သူရဲကောင်းက အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဘယ်အရာကမှ သူ့ကိုအနိုင်ယူလို့မရပါဘူး။ ခွန်အားအပြည့်နဲ့ပြန်လာမယ့်အချိန်ကိုစောင့်နေပါတယ်" လို့ရေးသားခဲ့ပါတယ်။ အလီဂျန်ဒရိုဘယ်လ်ဒီကလည်း "အရင်ကထက်ပိုသန်မာတဲ့အခြေအနေနဲ့ ပြန်လာခဲ့ပါ။ ငါတို့အားလုံးမင်းနဲ့အတူတူရှိနေပါတယ်" လို့ရေးသားထားပါတယ်။ ယခုတစ်ပတ်အစောပိုင်းမှာ ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးခဲ့တဲ့ ပီအက်စ်ဂျီကြယ်ပွင့် အူစမန်ဒမ်ဘီလီကလည်း သူ့ရဲ့အသင်းဖော်ဟောင်းထံ မက်ဆေ့ပို့ပြီး အားပေးစကားပြောကြားခဲ့ပါတယ်။
ပြင်သစ်သားက "ကျန်းမာအောင်နေပါ ညီလေး။ တတ်နိုင်သလောက်အမြန်ဆုံးပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကွင်းထဲမှာပျော်ပျော်ရွှင်ရွှင်ဘောလုံးကစားနေတဲ့မင်းကို ပြန်မြင်ချင်သေးတယ်။ မင်းကို အရမ်းသတိရပါတယ်" လို့ရေးသားခဲ့ပါတယ်။