ပရိသတ်များ၏ ဖိအားပေးမှုရှိနေပေမယ့် ရာထူးမှ မနုတ်ထွက်ဘူးလို့ ဗလန်စီယာနည်းပြကိုဘာရန် အခိုင်အမာပြောကြား
ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၂-၀ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ဗလန်စီယာနည်းပြကိုဘာရန်က ရာထူးမှနုတ်ထွက်သွားဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာတုံ့ပြန်လာခဲ့ပါတယ်။ဒီရှုံးပွဲကြောင့် ဗလန်စီယာကအသင်းက တန်းဆင်းဇုန်အထက် တစ်မှတ်အကွာအနေအထားဆီ ရောက်ရှိသွားခဲ့ပါတယ်။ပွဲစဉ်တလျှောက်လုံး ပရိသတ်တွေဆီမှ "ကိုဘာရန် ရာထူးမှ နုတ်ထွက်ပေး"ဆိုတဲ့ ကြွေးကြော်သံတွေ ထွက်ပေါ်ခဲ့ပြီး ပွဲစဉ်အပြီးမှာ ဒီဖိအားတွေနဲ့ပတ်သက်လို့ ဗလန်စီယာနည်းပြဆီ မေးမြန်းလာခဲ့ကြပါတယ်။
"နည်းပြတစ်ယောက်အပေါ် ပရိသတ်တွေရဲ့ စိတ်ပျက်အားမလိုအားမရဖြစ်မှုကို ကျွန်တော် နားလည်ပါတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုပါပဲ" ဟု ကိုဘာရန်က စတင်ပြောကြားခဲ့ပါတယ်။
"ပွဲချိန်နောက်ဆုံးမိနစ်တွေမှာ တိုက်စစ်မှူးနှစ်ဦးထားပြီး ကစားချင်ခဲ့ပေမယ့် ဘယ်လ်ထရန်က ပင်ပန်းနေပါပြီ။ ဒါကြောင့် ရာမာဇာနီလို တခြားရွေးချယ်စရာတွေကို ကျွန်တော်တို့ အသုံးပြုခဲ့တာပါ" ဟု ၎င်းက ပွဲအတွင်း လူစားလဲမှုများနှင့် ပတ်သက်၍ ရှင်းပြခဲ့ပါတယ်။
ဆက်လက်ပြီး "ဟူဂိုဒူရိုက ကျွန်တော်တို့အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဂိုးဧရိယာထဲကို ရောက်လာတဲ့ ဘောလုံးတိုင်းကနေ ရမှတ်တစ်မှတ်ရအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ" ဟုလည်း ဆိုပါတယ်။
အနာဂတ်နှင့် ပတ်သက်၍ ၎င်းက "ကျွန်တော့်မှာ ဆက်သွားဖို့ အင်အားတွေ အပြည့်အဝရှိပါတယ်။ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ယှဉ်ပြိုင်လိုစိတ်ကိုလည်း ကျွန်တော် မြင်နေရပါတယ်။ အခြေအနေတွေကို ပြောင်းလဲပစ်ဖို့ ကျွန်တော့်မှာ တာဝန်ရှိသလို ဒါကို လုပ်ဆောင်နိုင်မယ့် အင်အားနဲ့ စွမ်းအင်တွေလည်း ရှိပါတယ်" ဟု ဖွင့်ဟခဲ့ပါတယ်။
"ဒီခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်ပြီး အရာအားလုံးကို ပြောင်းလဲပစ်ဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်ဆိုတာကို အရင်ကလည်း ဖြေခဲ့ဖူးပါတယ်။ ကျွန်တော် ရာထူးမှနုတ်ထွက်မှာမဟုတ်ဘူး" ဟု ကိုဘာရန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ရက်သတ္တပတ်တစ်ပတ်အတွင်း ကောင်းမွန်တဲ့ရလဒ်တွေဖန်တီးနိုင်ဖို့ အဘက်ဘက်မှ တိုးတက်လာအောင် ပြင်ဆင်သွားဖို့ရှိနေပြီး အသင်းကိုယ်တိုင်လည်း အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ကိုဘာရန်က နိဂုံးချုပ် ပြောကြားသွားခဲ့ပါသည်။