The network connection is lost.

Banner Image

ပီအက်စ်ဂျီဟာ သူ့အတွက် အကောင်းဆုံးနေရာဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ဒရိုဖာနန်ဒက်စ်

ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ လူငယ်ကြယ်ပွင့် ဒရို ဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ညက ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံးအကြိမ် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ပြီး နိုင်ပွဲရရှိခဲ့တဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။

မာဆေးလ်အသင်းကို ၅ ဂိုး - ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒရို ဖာနန်ဒက်ဇ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားသစ်အဖြစ် စတင်ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပွဲပြီးခါနီး နောက်ဆုံး ၁၅ မိနစ်မှာ လူစားလဲဝင်ရောက် ကစားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ဂါလီစီယံသားလေး ဒရိုက သူ့ရဲ့ ပီအက်စ်ဂျီကစားသမားဘဝ ပထမဆုံးခြေလှမ်းအတွက် ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ဒီနေရာမှာ ကစားရတာ တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ ကျွန်တော် ဒီကိုလာဖို့နဲ့ ဒီလိုအတွေ့အကြုံမျိုးကို ခံစားနိုင်ဖို့ တကယ့်ကို စောင့်မျှော်နေခဲ့တာပါ။ မာဆေးလ်က ခက်ခဲတဲ့အသင်းတစ်သင်းဆိုတာ ကျွန်တော်တို့သိပေမဲ့ ကျွန်တော်တို့ဘက်က လုပ်စရာရှိတာတွေကို မှန်မှန်ကန်ကန်လုပ်နိုင်မယ်ဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့ရဲ့အိမ်ကွင်းမှာ ဒုက္ခပေးဖို့ ခက်ခဲလိမ့်မယ်ဆိုတာကိုလည်း နားလည်ထားပါတယ်" လို့ ဒရိုက ဆိုပါတယ်။

ဒါ့အပြင် "ဒါဟာ တကယ့်ကို ထူးခြားတဲ့ပွဲတစ်ပွဲပါ။ ဒီအသင်းမှာ နှစ်ပေါင်းများစွာကြာအောင် ရှိနေပြီး အတွေ့အကြုံကောင်းတွေ အများကြီး ရယူသွားချင်ပါတယ်" လို့လည်း ၎င်းက ဆက်ပြောခဲ့ပါတယ်။

ဒရိုက နည်းပြ လူးဝစ် အင်းနရစ်ကေးနဲ့ ပတ်သက်ပြီးတော့လည်း "လူးဝစ် အင်းနရစ်ကေးက တကယ့်ကို ထူးချွန်တဲ့ နည်းပြတစ်ဦးပါ။ အားလုံးကလည်း သူ့ကို အံ့အားသင့်စရာကောင်းတဲ့ နည်းပြလို့ ပြောကြပြီး ဒါဟာ ကျွန်တော် ဒီအသင်းကို လက်မှတ်ထိုး ပြောင်းရွှေ့လာခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။

"သူက လူငယ်ကစားသမားတွေအပေါ်မှာ အများကြီး ယုံကြည်မှုပေးတတ်ပါတယ်။ ပဲရစ်ဟာ ကျွန်တော့်အတွက် အကောင်းဆုံးနေရာပါပဲ" လို့ ဒရို ဖာနန်ဒက်ဇ်က အားရကျေနပ်စွာ ပြောကြားသွားခဲ့ပါတယ်။