The network connection is lost.

Banner Image

ပီအက်စ်ဂျီကို အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် အကျပ်အတည်းအခြေအနေကို ဆွေးနွေးသွားမယ်လို့ ဒီဇာဘီပြောကြား

ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့အကျပ်အတည်းတွေနဲ့ပတ်သက်လို့ အရေးပေါ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေတယ်လို့ မာဆေးလ်နည်းပြရော်ဘတ်တိုဒီဇာဘီက ဝန်ခံပြောကြားခဲ့ပါတယ်။ အခုလိုဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ဒီဇာဘီရဲ့ နည်းပြရာထူးအပေါ်မှာလည်း သံသယတွေ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာ အီတာလျံလူမျိုးနည်းပြက "ဒါဟာ အခက်အခဲကာလတစ်ခုပါပဲ။ ရန်းနက်စ်၊ လန်းစ်တို့နဲ့ပွဲစဉ်တွေမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ အခုတော့ လုံးဝကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေဆီ ရောက်သွားခဲ့ပါတယ်။ ပရိသတ်တွေကို ထပ်ပြီးတောင်းပန်ပါတယ်"လို့ ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာသိနိုင်ဖို့ ဒါရိုက်တာဘီနာတီးယား၊ ဥက္ကဋ္ဌလောင်ဂိုရီယာတို့နဲ့ ဆွေးနွေးသွားပါမယ်။ အခုလိုရှုံးနိမ့်မှုတွေက တကယ့်ကိုနာကျင်ရပါတယ်၊ အထူးသဖြင့် ပါရီမှာ အခုလိုမျိုး ပုံစံနဲ့ ရှုံးနိမ့်ခဲ့တာမျိုးပေါ့" လို့ သူက ဆိုပါတယ်။ ဆက်လက်ပြီး ဒီဇာဘီက "ကစားသမားတွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် မသိနိုင်ပါဘူး။ ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော်တကယ်မသိတာပါ။ ကျွန်တော်တို့ ဒီပွဲအတွက် တတ်နိုင်သမျှ အကောင်းဆုံးပြင်ဆင်ခဲ့ပေမဲ့ သိသာတာကတော့ ကောင်းကောင်းမပြင်ဆင်နိုင်ခဲ့ဘူးဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတာကို ကျွန်တော်တို့တွေ နားလည်အောင် ကြိုးစားဖို့ လိုပါတယ်" လို့ ပြောပါတယ်။

"ဘရုဂျက်နဲ့ပွဲစဉ်မှာ ဘာလို့ အဲဒီလိုမျိုးကစားခဲ့တာလဲ၊ ဒီမှာရော ဘာလို့ အခုလိုမျိုးကစားခဲ့တာလဲ၊ ပြီးတော့ လန်းစ်၊ ရန်းနက်စ်တို့နဲ့ပွဲစဉ်တွေမှာ ဘာလို့ လုံး၀ကွဲပြားခြားနားတဲ့ပုံစံနဲ့ ကစားနိုင်ခဲ့တာလဲဆိုတာကို စဉ်းစားရပါလိမ့်မယ်"လို့လည်း သူက ဆိုပါတယ်။ ၎င်းက "ကစားသမားအများအပြား ခြေစွမ်းညံ့ဖျင်းနေတဲ့အချိန်မှာ နောင်တရနေလို့လည်း မထူးပါဘူး။ အခုလိုမျိုးရှုံးနိမ့်ခဲ့တဲ့အခါမှာ စကားတွေ အများကြီးပြောနေဖို့လည်း မလိုတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပြီး ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်ဆိုတာကိုပဲ တွေးတောရပါမယ်"လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။