ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုတွေရှိနေပေမယ့် ပီအက်စ်ဂျီမှာ ပျော်ရွှင်နေကြောင်း ပြောကြားလာတဲ့ အင်းနရစ်
မန်ချက်စတာယူနိုက်တက်အသင်းက အမြဲတမ်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမဲ့ လူးဝစ်အင်းနရစ်ကတော့ ပီအက်စ်ဂျီအသင်းမှာပဲ ဆက်ရှိသွားမယ့် သူရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ နည်းပြ ရူဘင်အာမိုရင်ကို (၁၄) လကြာ တာဝန်ယူပြီးနောက် ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး၊ ရာသီကုန်အထိ အသင်းကို ယာယီကိုင်တွယ်ဖို့ မိုက်ကယ်ကားရစ်ကို ခန့်အပ်ခဲ့တာပါ။ ကားရစ်ကို စတင်ခန့်အပ်စဉ်က ရာသီကုန်အထိပဲ တာဝန်ပေးမှာဖြစ်ပြီး နွေရာသီကျမှ အမြဲတမ်းနည်းပြတစ်ဦးကို ရှာဖွေသွားမယ်လို့ ကလပ်ဘက်က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ကားရစ်ရဲ့ အစပြုမှုက ပုံပြင်တစ်ပုဒ်လို အံ့အားသင့်စရာကောင်းနေတာကြောင့် သူ့ကိုပဲ အမြဲတမ်းနည်းပြအဖြစ် ခန့်သင့်သလားဆိုတဲ့ ငြင်းခုံမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ကားရစ်ဟာ ပရီးမီးယားလိဂ် ၄ ပွဲကိုင်တွယ်ရာမှာ ၄ ပွဲလုံး အနိုင်ရထားပြီး၊ အဲဒီနိုင်ပွဲတွေထဲမှာ မန်စီးတီး၊ အာဆင်နယ်နဲ့ စပါးတို့လို အသင်းကြီးတွေလည်း ပါဝင်ပါတယ်။ အချိန်တိုအတွင်းမှာပဲ ပြိုင်ဘက်ခံစစ်တွေ ရုန်းကန်ရတဲ့ တိုက်စစ်ဖွင့်ကစားဟန်ကို သူက အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ ကလပ်အတွင်းလူတစ်ဦးရဲ့ ပြောကြားချက်အရ ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြသစ်တစ်ဦး ခန့်အပ်ဖို့အတွက် အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အိုးထရက်ဖို့ဒ်ရဲ့ နည်းပြသစ်နေရာအတွက် ရေပန်းစားနေသူတွေထဲမှာ အိုလီဗာဂလက်စနာ၊ အင်ဒိုနီ အီရာအိုလာ၊ အန်ဇိုမာရက်စကာ၊ ဂါရတ်ဆောက်ဂိတ်၊ အက်ဒီဟောင်း၊ အန်ဆယ်လော့တီနဲ့ အင်းနရစ်တို့ ပါဝင်နေပါတယ်။ အင်းနရစ်ဟာ ဘောလုံးလောကရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဘာစီလိုနာ၊ စပိန်လက်ရွေးစင်အသင်းနဲ့ လက်ရှိ ပီအက်စ်ဂျီအသင်းတို့မှာ ပြောင်မြောက်တဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားသူပါ။
ဘာစီလိုနာမှာ ၂၀၁၄ ကနေ ၂၀၁၇ အထိ တာဝန်ယူစဉ် လာလီဂါ ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ကမ္ဘာ့ကလပ်ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ရယူပေးခဲ့သလို၊ ပီအက်စ်ဂျီမှာလည်း လီဂူးဝမ်းဖလား ၂ ကြိမ်နဲ့ ပြီးခဲ့တဲ့ရာသီက ကလပ်သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကိုပါ ရယူပေးထားပါတယ်။ ပီအက်စ်ဂျီမှာ အနာဂတ်မရေမရာ ဖြစ်နေတဲ့ အင်းနရစ်ဟာ INEOS အဖွဲ့အစည်းရဲ့ အဓိကပစ်မှတ်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဖလားသုံးလုံးအောင်မြင်မှု ရခဲ့ပေမဲ့ အင်းနရစ်ရဲ့ စာချုပ်က လာမယ့်နှစ်မှာ ကုန်ဆုံးမှာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က သတင်းတွေအရ အင်းနရစ်ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဖို့ နီးစပ်နေပြီဖြစ်ပြီး အခုအခါမှာတော့ အသက် ၅၅ နှစ်အရွယ် နည်းပြကိုယ်တိုင်က အတည်ပြုလိုက်တာကြောင့် ယူနိုက်တက်ရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ရပါတယ်။ သူရဲ့အနာဂတ်နဲ့ပတ်သက်လို့ အင်းနရစ်က "ကျွန်တော် ပီအက်စ်ဂျီမှာ အရမ်းပျော်ပါတယ်။ ဒါက ပဲရစ်ပဲလေ" လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။