The network connection is lost.

Banner Image

မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ ယူနိုက်တက်ကို ရက်နပ်အကြံပေး

တော့တင်ဟမ်နဲ့ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဟောင်း ဟယ်ရီ ရက်နပ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြချုပ်ရာထူးမှာ မိုက်ကယ်ကာရစ်ကိုပဲ အမြဲတမ်းခန့်အပ်ဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ကာရစ်ဟာ ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် စတင်တာဝန်ယူချိန်မှာပဲ အိပ်မက်ဆန်တဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နေပါတယ်။ မန်ယူအသင်းဟာ ၁၄ လကြာ တာဝန်ယူခဲ့ပြီး ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့ ရူဘင်အာမိုရင်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။

ဒီရာထူးအတွက် အိုလေဂန်နာ ဆိုးရှားနဲ့ အပြိုင်ဖြစ်ခဲ့ပေမဲ့ ကာရစ်ကပဲ ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ကိုခန့်အပ်ခဲ့တာဟာ ပါးနပ်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်တယ်ဆိုတာကို သက်သေပြနေပါတယ်။ သူဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကို တာဝန်ယူကိုင်တွယ်ထားပြီး အဲဒီ ၄ ပွဲလုံးကို အနိုင်ရရှိထားပါတယ်။ ယူနိုက်တက်ဟာ ဒီလိုကောင်းမွန်တဲ့ ရလဒ်တွေရရှိအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ပွဲတွေထဲမှာ မန်စီးတီး၊ အာဆင်နယ်၊ ဖူဟမ်နဲ့ အနီးစပ်ဆုံးအဖြစ် စပါးအသင်းတို့ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ကားရစ်ရဲ့ သက်ရောက်မှုဟာ ရလဒ်ပိုင်းတင်မကဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေပါ တောက်ပလာစေခဲ့တာပါ။

သူဟာ ချက်ချင်းဆိုသလိုပဲ တိုက်စစ်ဖွင့်ကစားတဲ့ ပုံစံမျိုးကို အသင်းထဲ ယူဆောင်လာခဲ့ပြီး ပရိသတ်တွေကြားမှာလည်း အသင်းအပေါ် ယုံကြည်မှုတွေ ပြန်လည်ရှိလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းတွေက ယူနိုက်တက်ရဲ့ ထိုးဖောက်တိုက်စစ်ဆင်တဲ့ ပုံစံကို ရင်ဆိုင်ဖို့ ရုန်းကန်နေရချိန်မှာပဲ ကားရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ သင့်မသင့်ဆိုတဲ့ ငြင်းခုံမှုတွေလည်း ရှိနေပါတယ်။ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့လို ကစားသမားဟောင်းတွေက ကားရစ်ကို မခန့်သင့်ဘူးလို့ ဆိုထားကြပေမဲ့ မိုက်ကယ်အိုဝင်ကတော့ ဒီစကားကို ပယ်ချခဲ့ပါတယ်။

တော့တင်ဟမ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာတော့ ရီယိုဖာဒီနန်က ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်ဖို့က လျစ်လျူရှုထားလို့ မရနိုင်တော့တဲ့ အနေအထားဖြစ်လာပြီလို့ ရှင်းပြခဲ့ပါတယ်။ အခုအခါမှာတော့ ရက်နပ်ကပါ ဒီအထဲမှာ ပါဝင်လာပြီး ကားရစ်ကို အလုပ်ခန့်ဖို့ ယူနိုက်တက်ကို တိုက်တွန်းခဲ့တာပါ။ ၁၉၉၉ ခုနှစ် ဝက်စ်ဟမ်းမှာ ကားရစ်ကို စတင်ပွဲထုတ်ပေးခဲ့တဲ့ ရက်နပ်ပ်က "ကျွန်တော် သူ့ကို ဝက်စ်ဟမ်းမှာ အသက် ၁၂ နှစ်သားလောက်ကတည်းက မြင်ခဲ့တာပါ။ သူဟာ ကျောင်းပိတ်ရက်တွေဆိုရင် နယူးကာဆယ်ကနေ လာလေ့ရှိတယ်။ သူက တကယ့်ကို လူကောင်းလေးပါ၊ ထူးချွန်တဲ့ ဘောလုံးသမား၊ အဆင့်အတန်းရှိတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်တယ်။ ဘောလုံးပေးပို့မှုတွေ၊ ကစားကွက်ဖတ်တာတွေကလည်း အရမ်းကောင်းပါတယ်။ အခုလိုမျိုး သူအခွင့်အရေး ရနေတာကို မြင်ရလို့ ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်။ ကျွန်တော်တို့ အင်္ဂလန်ကို အရည်အချင်းမပြည့်မီတဲ့ နိုင်ငံခြားသားနည်းပြတွေ ခဏခဏ ခေါ်နေစရာ မလိုပါဘူး။ ဒီမှာတင် တော်တဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့ကို အလုပ်လုပ်နိုင်ဖို့ အခွင့်အရေး ပေးလိုက်ပါ။ အောက်ခြေလိဂ်တွေမှာလည်း တော်တဲ့သူတွေရှိတယ်။ သူတို့ကို အခွင့်အရေးပေးပါ" လို့ ပြောကြားခဲ့ပါတယ်။

"မိုက်ကယ်မှာ အခွင့်အရေးရှိနေပြီ၊ ဒါကြောင့် သူရလဒ်ကောင်းတွေ ဆက်ရပြီး အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့အတွက် ကျွန်တော် အပတ်တိုင်း ဆုတောင်းပေးနေပါတယ်" လို့ ရက်နပ်ပ်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် အင်္ဂါနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။