The network connection is lost.

Banner Image

ဥရောပပြိုင်ပွဲတွေမှာ အဲဗာတန်အသင်း အမြဲတမ်းပါဝင်ကစားသင့်တယ်လို့ ဆိုလိုက်တဲ့ ဒေးဗစ်မိုယက်စ်

အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်က လာမယ့်ရာသီ၊ ဥရောပအဆင့်ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အလမ်းနဲ့ပတ်သက်လို့ အကောင်းမြင်စကားကို ပြောကြားလိုက်ပါတယ်။

လက်ရှိမှာတော့ အဲဗာတန်က အမှတ်ပေးဇယားအဆင့်-၈ နေရာမှာ ရပ်တည်နေပြီး အဆင့်-၅ နေရာရှိ ချဲလ်ဆီးနဲ့ ခြောက်မှတ်ကွာဟနေပါတယ်။

"အဲဗာတန်အသင်းက အဲဒီလိုနေရာမျိုးတွေမှာ အမြဲရှိနေသင့်တယ်လို့ ကျွန်တော် တကယ်ပဲ ယူဆမိပါတယ်၊ ဥရောပဝင်ခွင့်မရခဲ့တဲ့နှစ်တွေဆိုတာ အလဟဿဖြစ်ခဲ့တဲ့ကာလတွေပါပဲ။ အဲဗာတန်အနေနဲ့ ဥရောပပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အမြဲကြိုးစားနေသင့်ပါတယ်"

"ကျွန်တော်တို့မှာ လိုအပ်ချက်တွေရှိနေနိုင်သလို အရည်အချင်းမပြည့်မီသေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ကျွန်တော် အခုလိုပြောနေတဲ့အတွက်လည်း နောက်ပိုင်းမှာ ဝေဖန်တာမျိုးတွေ ရှိလာနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဗာတန်ကို ပိုပြီးအကောင်းမြင်တဲ့စိတ်ဓာတ်မျိုးရှိလာအောင် ကြိုးစားနေတာပါ"

"အသင်းအတွက် ပုံစံကောင်း၊ ခံစားချက်ကောင်းနဲ့ ရလဒ်ကောင်းတွေ ရရှိဖို့ မျှော်လင့်ထားပေမဲ့ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဒီနှစ်မှာတော့ ဥရောပဝင်ခွင့်အတွက် ပြောဖို့ဆိုတာ စောလွန်းနေနိုင်ပါသေးတယ်။ အကယ်၍ ပွဲစဉ်နှစ်ခုလောက် ဆက်တိုက်ရှုံးနိမ့်ခဲ့ရင်တော့ တန်းမဆင်းရတာကိုပဲ ကျေးဇူးတင်ရမယ်လို့ ကျွန်တော် ပြောမိပါလိမ့်မယ်။


"ဒါပေမဲ့ လက်ရှိရောက်နေတဲ့ အနေအထားအရ ထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ဆက်ပြီး တွေးထားဖို့ လိုပါတယ်။ ကျွန်တော်ကတော့ အဲဒီစိတ်ဓာတ်မျိုးဖြစ်အောင် တွန်းအားပေးနေတာဖြစ်သလို ကစားသမားတွေကိုယ်တိုင်လည်း ဒါကို သိစေချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ အစီအစဉ်ပါပဲ"

"လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က (ပထမအကြိမ် အဲဗာတန်နည်းပြအဖြစ် တာဝန်ယူစဉ်) တကယ်ကို ခက်ခဲခဲ့ပါတယ်။ ထိပ်သီးအသင်းတွေရဲ့ အတားအဆီးကို ကျွန်တော်တို့ မကျော်ဖြတ်နိုင်ခဲ့ဘူး။ အဲဒီ ထိပ်သီးကလပ်အသင်း လေးငါးခုထက် ပိုကောင်းအောင် အမြဲတမ်းကြိုးစားခဲ့ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုတာ နှစ်တိုင်းနီးပါး မဖြစ်နိုင်သလောက်ပါပဲ"

"၂၀၀၅ ခုနှစ်မှာ တစ်ကြိမ်တော့ လုပ်နိုင်ခဲ့ပါတယ်၊ ဒါကြောင့် လုံးဝမဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ အလယ်အလတ်အသင်းတွေအကြား ပြိုင်ဆိုင်မှုအရမ်းပြင်းထန်လာပြီး အဆင့် ၁၅ နေရာမှာရှိနေတဲ့အသင်းတောင် ခြေစွမ်းတက်လာရင် ဥရောပဝင်ခွင့်ရနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ရမှတ်တွေ တဖြည်းဖြည်း စုဆောင်းသွားရပါမယ်။ စိတ်ပျက်စရာကောင်းတဲ့ သရေပွဲတချို့ရှိခဲ့ပေမဲ့ ဒါတွေကလည်း အထောက်အကူဖြစ်စေပါတယ်"လို့ မိုယက်စ်က ပြောပါတယ်။

ဝက်စ်ဟမ်းနဲ့အတူ ယူရိုပါကွန်ဖရန့်လိဂ်ဖလာ်ရယူခဲ့ဖူးတဲ့ မိုယက်စ်က "အခု ပြန်တွေးကြည့်ရင် ဥရောပပြိုင်ပွဲကစားခဲ့ရတဲ့နှစ်တွေဟာ ဝက်စ်ဟမ်းအတွက် တကယ့်ကို ထူးခြားတဲ့ပြောင်းလဲမှုတွေ ဖြစ်စေခဲ့ပါတယ်" လို့ ဆိုပါတယ်။

"ဘဏ္ဍာရေးပိုင်းရော၊ လူတွေရဲ့ အမြင်မှာပါ အများကြီး ပြောင်းလဲသွားစေခဲ့ပါတယ်။ ကျွန်တော်တို့က ၃ နှစ်အတွင်းမှာ ဆီမီးဖိုင်နယ်၊ ကွာတားဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေအထိ တက်လှမ်းနိုင်ခဲ့ပါတယ်"

"ကျွန်တော်တို့က အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်လိုက်ရပြီဖြစ်လို့ လာမယ့်သီတင်းပတ်ကုန်ပိုင်းမှာ ကျွန်တော့်အတွက် ဘာအလုပ်မှမရှိဘဲ အားနေပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်အသင်းကို ပြိုင်ပွဲတွေမှာ ပါဝင်စေချင်တာပါ။ တန်းမဆင်းရရေးအတွက်ပဲ ကြိုးစားရမယ်လို့ ပြောနေဖို့ ကျွန်တော်ရဲ့အသက်အရွယ်က သိပ်မငယ်တော့ပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။