The network connection is lost.

Banner Image

မက်ဆီနဲ့တွဲဖက်ပေးဖို့ ဘာနာဒိုဆေးလ်ဗားကို ပစ်မှတ်ထားလာတဲ့ အင်တာမိုင်ယာမီ

လီယွန်နယ်မက်ဆီ လက်ရှိကစားနေတဲ့ အင်တာမိုင်ယာမီအသင်းဟာ ကမ္ဘာတစ်ဝှမ်းက ကလပ်အသင်းတော်တော်များများ စိတ်ဝင်စားနေကြတဲ့ မန်ချက်စတာစီးတီးရဲ့ ဘာနာဒိုဆေးဗားကို ခေါ်ယူဖို့ အခုအခါမှာ ပိုပြီး အရှိန်မြှင့် ကြိုးပမ်းလာနေပါတယ်။

အသက် ၃၁ နှစ်အရွယ် ဆေးဗားရဲ့ စာချုပ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး သူ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတာကလည်း ပြီးခဲ့တဲ့လတွေအတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အတည်ဖြစ်သလောက် ရှိနေပါပြီ။ လက်ရှိမှာတော့ ဒီကွင်းလယ်လူဟာ အင်္ဂလန်ပြင်ပက ဘယ်ကလပ်အသင်းနဲ့မဆို ကြိုတင်စာချုပ်ချုပ်ဆိုခွင့် ရနေပြီဖြစ်ပါတယ်။

မန်စီးတီးအတွက် ၄၄၀ ပွဲ ကစားပေးထားပြီး ၇၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၇၈ ကြိမ် ပြုလုပ်ထားတဲ့ ဆေးဗားကို တူရကီကလပ် ဂါလာတာစာရေးက စိတ်ဝင်စားနေတယ်လို့ ယူဆခဲ့ကြပေမဲ့ အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်ကလပ် နှစ်သင်းကလည်း သူ့ကို ခေါ်ယူဖို့ ကြားဖြတ်ဝင်ရောက်လာခဲ့ပါတယ်။

သူ့ရဲ့အသင်းဟောင်း ဘင်ဖီကာကို စိတ်ခံစားချက်အရ ပြန်လည်ပြောင်းရွှေ့ဖို့ ဖြစ်နိုင်သလို ဘာစီလိုနာကလည်း ဒီပေါ်တူဂီလက်ရွေးစင်ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့တာဖြစ်ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ နှစ်နှစ်စာချုပ် ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ဆော်ဒီပရိုလိဂ်က ကမ်းလှမ်းမှုတွေကတော့ ငွေကြေးအမြောက်အမြား အပေးနိုင်ဆုံးပါပဲ။

သတင်းအချို့ရဲ့ ဖော်ပြချက်အရ အယ်လ်ဟီလာနဲ့ အယ်လ်အာလီအသင်းတွေဟာ မန်စီးတီးကြယ်ပွင့်ကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၉.၈ သန်းကနေ စတင်တဲ့ စာချုပ်တွေနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပါတယ်။ ဒါဟာ သူ အင်္ဂလန်မှာ လက်ရှိရနေတဲ့ လစာထက် ပေါင် ၄ သန်းကျော် ပိုများနေတာပါ။

ဒါပေမဲ့ အခုအခါမှာတော့ ဒေးဗစ်ဘက်ခမ်း ဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ ဘာနာဒိုဆေးဗားကို ခေါ်ယူဖို့ အရှိန်မြှင့်လာနေပြီး သူ့ကို ဘော်လွန်ဒီအော ၈ ကြိမ်ဆုရှင်၊ ကမ္ဘာ့ဖလားချန်ပီယံ လီယွန်နယ်မက်ဆီနဲ့ တွဲဖက်ကစားစေချင်နေတာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီဟာ ဆေးဗားရဲ့ လစာနဲ့ စာချုပ်တောင်းဆိုမှုတွေအပေါ် အလွတ်သဘော စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်ထားပြီးဖြစ်သလို ကစားသမားဘက်ကသာ အမေရိကန်ကို လာချင်တယ်ဆိုတဲ့ အချက်ပြမှုမျိုးရှိရင် သူ့ရဲ့အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ ချက်ချင်းစတင်သွားမယ်လို့ SportsBoom ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တကယ်လို့ သူ ပြောင်းရွှေ့သွားမယ်ဆိုရင်တော့ မန်စီးတီးမှာ ကိုးနှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ အဆုံးသတ်သွားတော့မှာပါ။ သူဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးခဲ့ပြီး အသင်းကို သမိုင်းဝင် ဆုဖလားသုံးလုံး (Treble) ရရှိအောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒီကွင်းလယ်လူဟာ အသင်းဟောင်း မိုနာကိုမှာ ကစားတုန်းက မန်စီးတီးကို ၃-ဂိုး ၁-ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပက်ဂွာဒီယိုလာရဲ့ အာရုံစိုက်မှုကို စတင်ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီညက အသက် ၁၈ နှစ်အရွယ် ဘာပေ သွင်းယူခဲ့တဲ့ ပထမဂိုးကိုလည်း ဆေးဗားကပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးကို ရောက်ရှိလာပြီးနောက်မှာတော့ သူဟာ အသင်းအတွက် ပိုပြီး အရေးပါတဲ့သူ ဖြစ်လာခဲ့သလို ပြီးခဲ့တဲ့ ရာသီကုန်ပိုင်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့ကလပ်များဖလား ပြိုင်ပွဲမတိုင်ခင်မှာ အသင်းခေါင်းဆောင်သစ်အဖြစ်လည်း အမည်စာရင်း သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့ အခွင့်အရေးဟာ ဆေးဗားအတွက် ဆော်ဒီကလပ်တွေပေးတဲ့ လစာမျိုး ရနိုင်သလို ၂၀၂၆ ကမ္ဘာ့ဖလားအတွက်လည်း လက်ရွေးစင်အသင်းမှာ နေရာတစ်နေရာရဖို့ ပိုပြီး အခွင့်အလမ်းကောင်းစေတာကြောင့် အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှု ဖြစ်လာနိုင်ပါတယ်။

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ဆေးဗားရဲ့ အတွေ့အကြုံတွေဟာ အလွန်တန်ဖိုးရှိမှာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူ အသင်းကနေ ထွက်ခွာမှာ သေချာနေပြီဆိုရင်တောင် ဘယ်အသင်းကို ရောက်သွားမလဲဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။