ခြေထောက်အရိုးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ရာသီကုန်အထိ အနားယူရမယ့် ဂျက်ဂရီးလစ်ရှ်
အဲဗာတန်အသင်းကြယ်ပွင့်ကစားသမားဂျက်ဂရီးလစ်ရှ်က ခြေထောက်အရိုးအက်ဒဏ်ရာ (Stress Fracture) ကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်သွားလိမ့်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ၃၀ အရွယ်အင်္ဂလန်ကွင်းလယ်လူက မန်စီးတီးမှ အဲဗာတန်ဆီ အငှားဖြင့်လာရောက်ကစားနေပြီး ဒဏ်ရာမရခင်အချိန်အထိ မာဆေးဆိုဒ်ကလပ်အတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂျက်ဂရီးလစ်ရှ်က ခွဲစိတ်မှုအပြီး ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ကာ ဆေးရုံကုတင်ပေါ်မှတဆင့် ပရိသတ်တွေကို သတင်းစကားပါးလာပါတယ်။
"ရာသီတစ်ခုကို အခုလိုမျိုးပုံစံနဲ့ အဆုံးမသတ်ချင်ခဲ့ပေမဲ့ ဒါဟာ ဘောလုံးလောကရဲ့ သဘာဝပါပဲ၊ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ခွဲစိတ်မှုကတော့ အောင်မြင်သွားပါပြီ၊ အခုကစပြီး ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ဖို့ပဲ အာရုံစိုက်သွားပါလိမ့်မယ်။အရင်ထက် ပိုမိုကြံ့ခိုင်ပြီး ပိုမိုကောင်းမွန်တဲ့ပုံစံဖြင့် သေချာပေါက်ပြန်လာပါမယ်။ အခုလိုအံ့အားသင့်စရာကောင်းတဲ့ ကလပ်အသင်းအဆီ ရောက်ရှိလာချိန်မှစလို့ ရရှိခဲ့တဲ့အားပေးမှုတွေဟာ တန်ဖိုးဖြတ်ဖို့တောင် မဖြစ်နို်ငပါဘူး" လို့ ၎င်းက ရေးသားခဲ့ပါတယ်။
အသင်းဝန်ထမ်းတွေ၊ အသင်းဖော်တွေနဲ့ အထူးသဖြင့် ပရိသတ်တွေရဲ့ အားပေးမှုတွေဟာ အံ့ဩစရာကောင်းလောက်အောင် ပြည့်စုံလွန်းပြီး အဲဗာတန်ကိုကိုယ်စားပြုခွင့်ရရှိမှုအပေါ် အလွန်နှစ်သက်မြတ်နိုးတယ်လို့လည်း ဂျက်ဂရီးလစ်ရှ်က ဆိုပါတယ်။
" အသင်းဖော်တွေကို အစွမ်းကုန် အားပေးသွားမှာဖြစ်သလို အမြန်ဆုံးပြန်လာနိုင်ဖို့လည်း တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားပါမယ်။ အားပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒါဟာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်" လို့ အဲဗာတန်အသင်းရဲ့ အားပေးစကားဖြစ်တဲ့ UTFT ဆိုတဲ့ စာသားနဲ့အတူ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။