The network connection is lost.

Banner Image

မိုယက်စ်ကိုထုတ်ပယ်ခဲ့တာ ယူနိုက်တက်ရဲ့အမှားဖြစ်တယ်လို့ ထောက်ပြလာတဲ့ နီကီဘတ်

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား နီကီဘတ်က အသင်းရဲ့ နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ရဲ့ လက်ထက်နဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ် မှတ်ချက်တစ်ခုကို ပြောကြားလိုက်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက် အဲဗာတန်အသင်းမှာ အောင်မြင်မှုရနေတဲ့ မိုယက်စ်ကို ဖာဂူဆန်ကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ မိုယက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၆ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုပြီး တာဝန်ယူခဲ့တာပါ။

သူ့ရဲ့ နည်းပြသက်တမ်းဟာ ဝီဂန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကွန်မြူနတီဒိုင်း ဆွတ်ခူးကာ အစကောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ယူနိုက်တက်ရဲ့ အခြေအနေတွေဟာ လျင်မြန်စွာ ဆိုးရွားလာခဲ့ပါတယ်။

မိုယက်စ်ဟာ ဆာအဲလက်စ် ဖာဂူဆန် လက်ထက်က ပရိသတ်တွေ ကျင့်သားရနေတဲ့ အောင်မြင်မှုမျိုးကို ရယူပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ လီဗာပူး၊ မန်ချက်စတာစီးတီး၊ စတုတ်စီးတီးနဲ့ ဝက်စ်ဘရွန်းတို့လို အသင်းတွေကို ဂုဏ်သိက္ခာကျဆင်းဖွယ် ရှုံးနိမ့်ခဲ့တာတွေက သူ့ရဲ့ ရာထူးကို အကြီးအကျယ် ခြိမ်းခြောက်လာခဲ့ပါတယ်။

အသင်းရဲ့ ခြေစွမ်းအပေါ် အားမလိုအားမရဖြစ်နေတဲ့ ပရိသတ်တွေဟာ ‘Wrong One – Moyes Out’ ဆိုတဲ့ စာတန်းကို လေယာဉ်နဲ့ ချိတ်ဆွဲပြီး ကွင်းပေါ်မှာ ပျံသန်းကာ ဆန္ဒပြတဲ့အထိ အခြေအနေတွေ ပြင်းထန်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အဲဗာတန်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဧပြီလမှာ မိုယက်စ်တစ်ယောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာ မန်ယူအသင်းမှာ ၁၀ လကြာသာ တာဝန်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ရောက်ရှိနေပြီး အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၁၃ မှတ်အကွာ ဖြစ်နေခဲ့ပါတယ်။ ဒါဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို ၁၉၉၁ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး လိဂ်ရပ်တည်မှုလည်း ဖြစ်ခဲ့ပါတယ်။

မိုယက်စ် ထွက်ခွာသွားပြီးနောက် ရိုင်ယန်ဂစ်က ယာယီကိုင်တွယ်ခဲ့ပြီး လူးဝစ်ဗန်ဟားလ်က နည်းပြသစ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ နည်းပြအများအပြား ပြောင်းလဲခဲ့ပေမဲ့ ဘယ်သူကမှ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အောင်မြင်မှုကို အမီမလိုက်နိုင်ခဲ့ဘဲ အခုနောက်ဆုံးမှာတော့ ယာယီနည်းပြအဖြစ် ကာရစ်ကို အစားထိုး တာဝန်ပေးထားတာဖြစ်ပါတယ်။
အခုအခါမှာတော့ နီကီဘတ်က မိုယက်စ်ကို အသင်းကနေ ထုတ်ပယ်ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ “ယူနိုက်တက်မှာ သူ့ကို မထုတ်ပယ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူ လုံလောက်တဲ့ အချိန်မရခဲ့ပါဘူး။ သူ့ကို အချိန်ပိုပေးသင့်ခဲ့တာပါ” လို့ နီကီဘတ်က ဆိုပါတယ်။

ဒါ့အပြင် နီကီဘတ်က “သူလုပ်ခဲ့တဲ့ တစ်ခုတည်းသော အမှားကတော့ သူ့အနားမှာ ကူညီပေးမယ့်သူ မရှိတာပါပဲ။ မိုက်ဖီလန်လိုမျိုး တစ်ယောက်ယောက်က သူ့ဘေးမှာ ရှိနေပေးသင့်တာပါ” လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

နီကီဘတ်ဟာ မန်ယူအသင်းကနေ နယူးကာဆယ်ကို မပြောင်းရွှေ့ခင်မှာ အသင်းနဲ့အတူ ပရီမီယာလိဂ် ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်နဲ့ အက်ဖ်အေဖလား ၃ ကြိမ်အထိ ဆွတ်ခူးခဲ့တဲ့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ပါတယ်။