ဇန်နဝါရီလအတွက် အကောင်းဆုံးနည်းပြဆု ဆန်ကာတင်စာရင်းမှာပါဝင်လာတဲ့ ကာရစ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးနည်းပြဆု ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
အသင်းရဲ့ တရားဝင်ဝဘ်ဆိုက်ကနေ ဒီသတင်းကို အတည်ပြုပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ တရားဝင် မဲပေးမှုကဏ္ဍမှာ ပါဝင်မဲပေးနိုင်မှာ ဖြစ်ပါတယ်။
ယခင်နည်းပြ ရူဘင်အာမိုရင် အသင်းကနေ ထွက်ခွာသွားပြီးနောက် ကာရစ်ဟာ ဇန်နဝါရီလအတွင်းမှာ လိဂ်ပွဲစဉ် နှစ်ပွဲကိုသာ ကိုင်တွယ်ခဲ့ရတာပါ။ ဒါပေမဲ့လည်း သူဟာ အသင်းအပေါ်ကို ချက်ချင်းအကျိုးသက်ရောက်မှု ရှိစေခဲ့ပြီး အခက်ခဲဆုံး စမ်းသပ်မှုတွေကနေ ရမှတ်အပြည့်အဝ ရယူပေးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ပထမဆုံးအောင်ပွဲကတော့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဖြစ်ပါတယ်။ ကာရစ်ဟာ သူ့ရဲ့အသင်းကို ပွဲကိုထိန်းချုပ်နိုင်ဖို့ အားကောင်းကောင်းနဲ့ ပုံဖော်ခဲ့တာကြောင့် ဘရိုင်ယန် အမ်ဘွေမိုနဲ့ ပက်ထရစ် ဒေါ်ဂူတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂ ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။
အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ရဲ့ သွင်းဂိုး ၃ ဂိုးဟာ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း ဒါဟာ ကာရစ်ရဲ့ ယူနိုက်တက်အသင်း ဘယ်လောက်အထိ ခြေစွမ်းပြနိုင်ခဲ့သလဲဆိုတာကို သက်သေပြနေတာ ဖြစ်ပါတယ်။
နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်စ် ခရီးစဉ်မှာတော့ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အမ်ဘွေမို၊ ဒေါ်ဂူတို့အပြင် မားသီးယပ်စ် ကွန်ဟာကပါ ဂိုးသွင်းပေးခဲ့ပြီး တစ်ရာသီလုံး အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ အာဆင်နယ်ကို အနိုင်ယူပြခဲ့တာပါ။
ဒီလို အမှတ်ရစရာ နိုင်ပွဲတွေကြောင့် ကာရစ်ဟာ ဘုန်းမောက်နည်းပြ အန်ဒိုနီ အီရာအိုလာ၊ ချဲလ်ဆီးနည်းပြ လီယမ် ရိုဆင်နီယာ၊ နော့တင်ဟမ်ဖောရက်စ်နည်းပြ ရှောင်ဒိုက်တို့နဲ့အတူ ဆန်ကာတင် လေးဦးစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့အထိ မဲပေးနိုင်မှာဖြစ်ပြီး အနိုင်ရရှိသူကိုတော့ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
ဒီဆုဟာ ကာရစ်အတွက် တစ်ဦးချင်း ဂုဏ်ပြုဆုဖြစ်ရုံသာမက အသင်းရဲ့ ရလဒ်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ အားဆေးတစ်ခွက်လည်း ဖြစ်လာနိုင်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ဇယားထိပ်ပိုင်းမှာတော့ အာဆင်နယ်က ပွဲစဉ် ၂၄ အပြီးမှာ ဦးဆောင်နေပြီး မန်ချက်စတာစီးတီးနဲ့ အက်စတွန်ဗီလာတို့က ဒုတိယနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ယူနိုက်တက်ကတော့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကလည်း ယူနိုက်တက်ရဲ့ နောက်မှာ ကပ်လျက်ရှိနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပွဲတိုင်းဟာ ဗိုလ်လုပွဲလို အရေးကြီးနေပါတယ်။
ယူနိုက်တက်ဟာ ဖေဖော်ဝါရီလအစမှာတင် ဖူဟမ်ကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိထားပြီး စနေနေ့မှာတော့ တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်သလို အင်္ဂါနေ့မှာလည်း ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်း သွားရောက်ကစားရဦးမှာ ဖြစ်ပါတယ်။
အခုဆုအတွက် ဆန်ကာတင် ရွေးချယ်ခံရမှုဟာ ကာရစ်အတွက် ဂုဏ်ယူစရာဖြစ်သလို ယူနိုက်တက်အသင်းအနေနဲ့လည်း ဒီခြေစွမ်းကိုသာ ဆက်ထိန်းထားနိုင်ရင် ချန်ပီယံဆုအတွက်အထိ မျှော်လင့်ချက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။