The network connection is lost.

Banner Image

အသက်-၃၃ နှစ်အရွယ်မှာပဲ ဘောလုံးလောကမှအနားယူကြောင်းကြေညာလာတဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်း ဂင်ကယ်

ချယ်လ်ဆီးနှင့် ပီအက်စ်ဗွီ အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း ဖြစ်သူ မာကို ဗန် ဂင်ကယ်သည် အသက် ၃၃ နှစ်အရွယ်တွင် ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

နယ်သာလန်သား ကွင်းလယ်လူသည် ဗီတက်စ် အာနမ် အသင်းမှတစ်ဆင့် ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းဖြင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်တွင် ၈ နှစ်တိုင်တိုင် သက်တမ်းရှိခဲ့သူလည်း ဖြစ်ပါတယ်။

သို့သော်လည်း ဆိုးရွားလှသည့် ဒူးဒဏ်ရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ချယ်လ်ဆီးအသင်းအတွက် ၈ နှစ်တာအတွင်း ၄ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့သည်အထိ ကံဆိုးခဲ့ရပါတယ်။

ပြီးခဲ့သည့်ရာသီတွင် ဘိုအာဗစ်စတာ အသင်း၌ ပါဝင်ကစားခဲ့သော ဗန် ဂင်ကယ်သည် နွေရာသီတွင် အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေခဲ့ရာမှ ယခုကဲ့သို့ အနားယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

မာကို ဗန် ဂင်ကယ်က "၁၆ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို အခုတော့ ကျွန်တော် နှုတ်ဆက်လိုက်ပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး "ဒီခရီးလမ်းဟာ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ သင်ခန်းစာတွေနဲ့ ကျွန်တော် ထာဝရ တန်ဖိုးထားနေမယ့် အမှတ်တရတွေ ပြည့်နှက်နေခဲ့တာပါ။ ဒီခရီးတစ်လျှောက် ကျွန်တော့်အနားမှာ ရှိနေပေးခဲ့ကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။

"အတိတ်အတွက်လည်း ဂုဏ်ယူသလို၊ နောက်ထပ် အခန်းကဏ္ဍသစ် တစ်ခုအတွက်လည်း ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ" လို့ ဗန် ဂင်ကယ်က လူမှုကွန်ရက်မှတစ်ဆင့် ဖွင့်ဟ ရေးသားခဲ့ပါတယ်။