The network connection is lost.

Banner Image

အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဟားဗတ်ဇ်ကို တင်းဘားချီးကျူး

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဂျူရီယန် တင်းဘားဟာ ပြီးခဲ့တဲ့ညက ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ကိုင်း ဟားဗတ်ဇ်ကို ချီးကျူးခဲ့ပြီး အနိုင်ဂိုးအတွက် အထူးဝမ်းမြောက် ဂုဏ်ယူမိကြောင်း ပြောကြားလာခဲ့ပါတယ်။

ဟားဗတ်ဇ်ဟာ အာဆင်နယ်အတွက် ပွဲကစားချိန် ၉၇ မိနစ်မှာ အဆုံးအဖြတ်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ချဲလ်ဆီးကို ၁-၀ နဲ့ အနိုင်ရရှိစေခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ တင်းဘားက ကွင်းအတွင်းက ပရိသတ်တွေရဲ့ အားပေးမှုကြောင့် သူ့အနေနဲ့ အပြုံးမပျက်နိုင်အောင် ဖြစ်ခဲ့ရပြီး ဗိုလ်လုပွဲကစားဖို့ ဝင်ဘလေကွင်းဆီ ဆက်လက်ချီတက်ကြမယ်လို့ ဆိုခဲ့ပါတယ်။

"ပထမတော့ ဟားဗတ်ဇ် ဘောလုံး ပေးလိုက်မလားလို့ ကျွန်တော် မသေချာခဲ့ဘူး။ ဒါပေမဲ့ သူက ဂိုးသမားကို လှည့်ထွက်သွားပြီးတော့ အံ့အားသင့်စရာ ကောင်းလောက်အောင် အဆုံးသတ် သွင်းယူသွားခဲ့တာပါ" လို့ တင်းဘားက ပွဲအပြီးမှာ ချီးကျူးပြောဆိုခဲ့ပါတယ်။

ဟားဗတ်ဇ်အနေနဲ့ ကာလရှည် အနားယူခဲ့ရပြီးနောက် အသင်းဆီ ပြန်လာနိုင်ချိန်မှာ ပရိသတ်တွေဆီက ရရှိတဲ့ ချစ်ခြင်းမေတ္တာတွေဟာ အများကြီး အဓိပ္ပာယ်ရှိတယ်လို့လည်း သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ ပတ်သက်ပြီးတော့လည်း "ချဲလ်ဆီးဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့ဆီမှာ ထူးချွန်တဲ့ ကစားသမားတွေ ရှိပါတယ်။ ကိုးလ် ပါယ်လ်မာနဲ့ အက်စတီဗာအိုတို့ကို လူစားဝင်ခိုင်းခဲ့တာတောင် အရန်ခုံမှာ ကစားသမားကောင်းတွေ အများကြီးရှိနေတာပါ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။