
အသင်းရဲ့ အဓိကနောက်ခံလူ ၃ ဦးစလုံး ပရီးမီးယားလိဂ်အတွက် အဆင်သင့်ဖြစ်နေကြောင်း အာတီတာ အသိပေး
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက တော့တင်ဟမ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီးမှာ အသင်းရဲ့အဓိကနောက်ခံလူ ၃ ဦးဖြစ်တဲ့ ဂါဘရီရယ်မက်ဂါဟေးစ်၊ ဂျူရီယန်တင်းဘားနဲ့ ရီကာဒိုကာလာဖီအိုရီတို့ဟာ ပရီးမီးယားလိဂ်မှာယှဉ်ပြိုင်ကစားဖို့ အဆင်သင့်ဖြစ်နေကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ ခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့ပြီး အဓိကလူစာရင်းကို ပွဲထုတ်အသုံးပြုခဲ့ပေမယ့် သွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိဘဲ ပါပေဆားရဲ့ သွင်းဂိုးကြောင့် ဟောင်ကောင်မြေမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်ဖြစ်ပေမယ့် လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ တောတ့င်ဟမ်တို့ဟာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်စေခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ အဓိက ကစားသမားအများစုကို ထုတ်သုံးခဲ့ပေမယ့် နောက်တန်းပိုင်းလိုအပ်ချက်ကြောင့် ၁-၀ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဂါဘရီရယ်နဲ့ တင်းဘားတို့ဟာ လက်ရှိအာဆင်နယ်ကစားထားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ် ၃ ပွဲစလုံးမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဘရာဇီးသား ဂါဘရီရယ်ဟာ ဝက်ဖို့ဒ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာတော့ ၄၅ မိနစ်အထိ ဝင်ရောက်ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်အနားယူခဲ့ရတာဖြစ်ပါတယ်။
တစ်ချန်တည်းမှာပဲ ပြီးခဲ့တဲ့ မေလက ခြေကျင်းဝတ်ခွဲစိတ်မှုပြုလုပ်ထားခဲ့ရတဲ့ တင်းဘားကလည်း အခုချိန်အထိ ပြန်လည်ကစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ နယ်သာလန်လက်ရွေးစင်ဟာ အသင်းနဲ့အတူ ရာသီကြိုခရီးစဉ်မှာလိုက်ပါခဲ့ပေမယ့် ကြံ့ခိုင်မှုတည်ဆောက်နေရဆဲဖြစ်ပါတယ်။ ကာလာဖီအိုရီကတော့ နယူးကာဆယ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာပါဝင်နိုင်ခဲ့ပေမယ့် အသေးစားဒဏ်ရာရရှိခဲ့တာကြောင့် ယခုအခါမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ပြုလုပ်နေရပါတယ်။
ယခုအခါမှာ အဆိုပါနောက်ခံလူ ၃ ဦးနဲ့ပတ်သက်ပြီး အာတီတာက "ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းကပုံစံအတိုင်း သူတို့ဆက်လုပ်နိုင်မယ်ဆိုရင် သူတို့ပြန်ကစားနိုင်တော့မှာပါ။ ဂါဘရီရယ်၊ ကာလာဖီအိုရီနဲ့ တင်းဘားတို့ ၃ ဦးစလုံး ပရီးမီးယားလိဂ်အတွက် အဆင်သင့်ဖြစ်နေမှာပါ" လို့ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ရာသီကြိုခြေစမ်းပွဲစဉ် နောက်ထပ် ၂ ပွဲအထိ ဆက်လက်ကစားဖို့ ကျန်ရှိနေသေးပြီး လာမယ့် ဩဂုတ် ၆ ရက်နေ့မှာ လာလီဂါကလပ် ဗီလာရီးရဲလ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။