လီဗာပူးကိုအနိုင်ရပြီးနောက် အာဆင်နယ်ထံ သတိပေးစကားဆိုလိုက်တဲ့ ဟာလန်း
လီဗာပူးအသင်းကို အန်ဖီးလ်ကွင်းမှာ အရေးပါတဲ့ အနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီး တိုက်စ်စမှူး အာလင်း ဟာလန်းက ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်အသင်းထံ သတိပေးစကား ပါးလိုက်ပါတယ်။
နည်းပြ ပက် ဂွါဒီယိုလာရဲ့ စီးတီးအသင်းဟာ ၂၀၂၀-၂၁ ရာသီ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ရှိစဉ်က အန်ဖီးလ်မှာ တစ်ကြိမ်သာ အနိုင်ရဖူးခဲ့တာပါ။ ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ လီဗာပူးကို အဝေးကွင်းမှာ ထပ်မံအနိုင်ယူပြီး ဇယားထိပ်က အာဆင်နယ်ကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဟာလန်းက အခုနိုင်ပွဲဟာ အလွန်အရေးကြီးကြောင်းနဲ့ ဇယားထိပ်မှာ ၆ မှတ်ဖြတ်ကာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ သတိထားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
"ပွဲအပြီးမှာ ပရိသတ်တွေရဲ့ ခံစားချက်တွေကို ကြည့်ပါ၊ ဒါဟာ တကယ့်ကို အံ့ဩစရာပါပဲ။ အပတ်စဉ်တိုင်း ကျွန်တော်တို့ကို အားပေးနေတဲ့ သူတွေအတွက် အန်ဖီးလ်မှာ အနိုင်ရတာဟာ ထိုက်တန်တဲ့ ရလဒ်ပါပဲ" လို့ ဟာလန်းက ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "ကျွန်တော် ဒီကွင်းမှာ တစ်ခါမှ မနိုင်ဖူးသေးပါဘူး။ ဒါကြောင့် ပထမဆုံးအကြိမ် နိုင်ပွဲရတာဟာ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ စီးတီးနဲ့ လီဗာပူးတို့ကြားက သမိုင်းကြောင်းတွေအရ ဒီမှာနိုင်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အခုလို နိုင်ပွဲရလိုက်တာဟာ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပါ" လို့ ဖွင့်ဟခဲ့ပါတယ်။
ချန်ပီယံဆု ဖလားတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း "ဘယ်အသင်းနဲ့ပဲ ကစားရပါစေ နိုင်ပွဲရရင် ၃ မှတ်ရတာပါပဲ။ ဒါပေမဲ့ ချန်ပီယံဆု ဖလားတိုက်ပွဲကတော့ အဆုံးသတ်သွားပြီလို့ မပြောမချင်း ဘယ်တော့မှ မပြီးဆုံးသေးဘူးဆိုတာ ကျွန်တော်တို့ အရင်ကတည်းက တွေ့ကြုံခဲ့ပြီးသားပါ" လို့ ဟာလန်းက သတိပေးလိုက်တာပါ။
အခုနိုင်ပွဲကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ ၁၉၃၆-၃၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးအသင်းကို တစ်ရာသီအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရရှိတဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဂွါဒီယိုလာရဲ့ စီးတီးအသင်းက ဖူလ်ဟမ်ကို အနိုင်ရမယ်ဆိုရင် အာဆင်နယ်နဲ့ အမှတ်ကွာဟချက်ဟာ ၃ မှတ်အထိ ကျဉ်းမြောင်းသွားမှာပါ။
အာဆင်နယ် နည်းပြ မီခေးလ် အာတီတာအနေနဲ့ကတော့ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ ရှိနေပြီး ချန်ပီယံဆုအတွက် ဖိအားတွေ ပိုမိုရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။