The network connection is lost.

Banner Image

ကြောက်ရွံ့စိတ်မရှိဘဲကစားနိုင်တဲ့ ယူနိုက်တက်ကို ကာရစ်ပြန်လည်ပုံဖော်ပေးနိုင်ခဲ့ပြီလို့ ဘရောင်းချီးကျူး

မိုက်ကယ်ကာရစ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အငွေ့အသက်တွေကို အချိန်တိုအတွင်းမှာပဲ အကောင်းဆုံး ပြောင်းလဲပစ်နိုင်ခဲ့တယ်လို့ ဝက်စ်ဘရောင်းက ယုံကြည်နေပါတယ်။ ယာယီနည်းပြလက်အောက်မှာ ကြောက်စိတ်မရှိဘဲ ကစားနေတဲ့ ယူနိုက်တက်ရဲ့ ပုံစံကြောင့် ကလပ်အသင်းပတ်ဝန်းကျင်မှာ စိတ်လှုပ်ရှားမှုတွေ ပြန်လည်နိုးထလာပြီလို့လည်း သူက ဆိုပါတယ်။

ယူနိုက်တက်ရဲ့ ဂန္ထဝင်နောက်ခံလူဟောင်း ဝက်စ်ဘရောင်းဟာ BetWright ကနေ စီစဉ်တဲ့ The Peoples Person နဲ့ သီးသန့်အင်တာဗျူးမှာ ခုလို ပြောပြခဲ့တာပါ။ ယူနိုက်တက်ဟာ ကာရစ်လက်အောက်မှာ ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီးနောက် ကစားသမားတွေနဲ့ ပရိသတ်တွေကြားက အခြေအနေဟာ သိသိသာသာကို ပြောင်းလဲသွားပြီလို့ ဘရောင်းက ပြောပါတယ်။ "လက်ရှိမှာတော့ တကယ့်ကို ကောင်းမွန်တဲ့ အငွေ့အသက်တွေ ရှိနေပါတယ်။ ပရိသတ်တွေကြားမှာလည်း စိတ်လှုပ်ရှားမှုတွေ အပြည့်ပါပဲ" လို့ ဘရောင်းက ဆိုပါတယ်။

ဒီလိုတိုးတက်လာတာဟာ ရလဒ်ပိုင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ ကွင်းထဲက ကစားကွက်ပုံစံမှာလည်း ထင်ထင်ရှားရှား ရှိနေတယ်လို့ အင်္ဂလန်ကစားသမားဟောင်းကြီးက ယူဆပါတယ်။ "ကစားသမားတွေက နည်းပြအပေါ် ကောင်းကောင်း တုံ့ပြန်နေကြပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဘောလုံးကစားဟန်ကို မြင်တွေ့နေရပြီ၊ ဒါဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ တောက်လျှောက် မမြင်တွေ့ခဲ့ရတဲ့ ပုံစံမျိုးပါ" လို့ သူက ရှင်းပြပါတယ်။

ဘရောင်းရဲ့ အဆိုအရ ကာရစ်ဟာ ကစားသမားတွေကို သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထုတ်ပြနိုင်အောင် ခွန်အားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ "သူက ကစားသမားတွေကို အကောင်းဆုံး ပြင်ဆင်ပေးထားပါတယ်။ သူတို့တွေ စနစ်တကျ ရှိနေတာ၊ ကြောက်စိတ်မရှိဘဲ ကစားနေတာ၊ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ဂိုးတွေသွင်းနေတာတွေကို မြင်နိုင်ပါတယ်။ ဒါဟာ လူတိုင်း တကယ်လိုချင်နေတဲ့ အချက်ပါပဲ။ လက်ရှိပုံစံက တကယ့်ကို ကြည့်ကောင်းပါတယ်။ စွမ်းအင်အပြည့်နဲ့ အကောင်းမြင်စရာတွေလည်း အများကြီး ရှိနေတာကြောင့် ရရှိခဲ့တဲ့ အချိန်တိုလေးအတွင်းမှာ သူဟာ အလုပ်ကို တကယ့်ကို ပြောင်မြောက်အောင် လုပ်ပြသွားတာပါ" လို့ သူက ဆိုပါတယ်။

ကာရစ်ရဲ့ အသင်းဖော်ဟောင်း ဆိုးလ်ရှားဟာလည်း ယာယီနည်းပြအဖြစ် ပထမဆုံး ၄ ပွဲမှာ အနိုင်ရခဲ့ဖူးပါတယ်။ ဒါကြောင့် ကာရစ်နဲ့ ဆိုးလ်ရှားတို့ရဲ့ အစပျိုးပုံချင်း ဘာတွေကွာခြားလဲ၊ ဒါဟာ နည်းပြသစ်ပြောင်းလဲမှုကြောင့် ခေတ္တခဏ ခြေစွမ်းတက်လာတာလား (New manager bounce) ဆိုတဲ့ မေးခွန်းကိုလည်း ဘရောင်းက ခုလို ဖြေကြားခဲ့ပါတယ်။ "ပထမဆုံးအနေနဲ့ မိုက်ကယ်ဟာ အရင်ကလည်း နည်းပြလုပ်ခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ် နည်းပြအဖြစ်ကနေ ထွက်သွားတုန်းက ဘာတွေကွဲပြားအောင် လုပ်နိုင်မလဲဆိုတာ ပြန်တွေးကြည့်စရာတွေ ရှိခဲ့မှာပါ။ အခုကတော့ ဒါကို ပြောင်းလဲဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဒါပေမဲ့ ခင်ဗျားပြောသလိုပါပဲ၊ တစ်ခါတလေမှာ ခက်ခဲပါတယ်။ ပထမ ၄ ပွဲမှာ အရမ်းကောင်းနေတော့ လူတွေက ဒါကို ဆက်ထိန်းထားနိုင်ပါ့မလား၊ နောက်ပိုင်းမှာ ပြန်ကျသွားမလားဆိုပြီး စောင့်ကြည့်ကြတာပေါ့"။

"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရင်နဲ့ နည်းနည်းကွဲပြားတယ်လို့ ကျွန်တော် ခံစားရပါတယ်။ မိုက်ကယ်ရှိနေတာကို ကစားသမားတွေ တကယ်ကို ပျော်ရွှင်နေတာကို မြင်နိုင်ပါတယ်။" ကာရစ် စုဖွဲ့ခဲ့တဲ့ နည်းပြအဖွဲ့ဝင်တွေအကြောင်းကိုလည်း ဘရောင်းက ထောက်ပြခဲ့ပါသေးတယ်။ "သူ ခေါ်လာတဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကစားသမားတွေဟာ သူတို့ရဲ့ ကစားဟန်ကို သဘောကျနေကြပါတယ်။ သူတို့ မြင်တဲ့အတိုင်းပဲ ကစားနေကြပြီး ဘာတွန့်ဆုတ်မှုမှ မရှိတော့ဘူး" လို့ ရှင်းပြပါတယ်။

ကာရစ်ရဲ့ ရေရှည်အနာဂတ်နဲ့ ပတ်သက်လို့လည်း ဘရောင်းက "သူ့နာမည်ကတော့ ရေပန်းစားနေတဲ့စာရင်းထဲမှာ သေချာပေါက် ပါဝင်လာပါပြီ။ သူဟာ တစ်ခါတလေ အရမ်းရိုးရှင်းလွန်းတဲ့ ကစားကွက်တွေကနေ တကယ့်ကို ကြည့်လို့ကောင်းတဲ့ အသင်းတစ်သင်းဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်" လို့ မှတ်ချက်ပေးပါတယ်။

"လူအများကြီး ပြောနေတာကို ကျွန်တော် ကြားပါတယ်။ မိုက်ကယ်က မစ်ဒယ်ဘရော့ကို ကိုင်တွယ်တုန်းကလည်း အသင်းက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင် တစ်ခါနှစ်ခါလောက် သွားကြည့်ဖူးပါတယ်။ အဲ့တုန်းက လူငယ်အသင်းဖြစ်ပေမဲ့ အခု ယူနိုက်တက်မှာက နိုင်ငံတကာအဆင့်မီ ကစားသမားအများစု ရှိနေတာပါ။ သူတို့က ဘာလုပ်ရမလဲ၊ သူတို့ဆီကနေ ဘာတွေ မျှော်လင့်ထားလဲဆိုတာကို ကောင်းကောင်းသိကြပါတယ်" လို့ ဝက်စ်ဘရောင်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။