The network connection is lost.

Banner Image

မက်ဂွါရီတစ်ယောက် ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်ကြောင်း ဝက်စ်ဘရောင်း အခိုင်အမာပြော

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထဝင်နောက်ခံလူဟောင်း ဝက်စ်ဘရောင်းက ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရတဲ့ ဟယ်ရီမက်ဂွါရီအနေနဲ့ အိုးထရက်ဖို့ဒ်မှာ စာချုပ်သစ် ချုပ်ဆိုခွင့် ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဂွါရီရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၅-၂၆ ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ လက်ရှိနည်းပြ မိုက်ကယ်ကာရစ်က သူ့ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားလိုနေတာ ဖြစ်ပါတယ်။

ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း မက်ဂွါရီဟာ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ခွင့်ရနေပြီး အသင်းအတွက် အရေးပါတဲ့ စွမ်းဆောင်ရည်တွေ ပြသနေတာကြောင့် ဝက်စ်ဘရောင်းက အခုလို ခန့်မှန်းလိုက်တာပါ။

မက်ဂွါရီဟာ နည်းပြသစ် မိုက်ကယ်ကာရစ် လက်ထက်မှာ မန်ချက်စတာစီးတီး၊ အာဆင်နယ်နဲ့ ဖူလ်ဟမ်တို့ကို အနိုင်ရခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဂွါရီရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး နည်းပြ ကာရစ်က "ဒါဟာ အတွေ့အကြုံကို အရင်းပြုရတဲ့ ပွဲမျိုးဖြစ်ပြီး ဟယ်ရီက အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ်။ သူဟာ ရက်သတ္တပတ် ၈ ပတ်၊ ၉ ပတ်လောက် နားခဲ့ရပြီးမှ ၂ ရက်၊ ၃ ရက်ပဲ လေ့ကျင့်ခန်းဆင်းပြီး ကစားပေးခဲ့တာပါ" လို့ ချီးကျူးခဲ့ပါတယ်။

ဆက်လက်ပြီး ကာရစ်က "သူနဲ့ လီချာတို့အတွဲဟာ ခံစစ်မှာ အလွန်တောင့်တင်းခဲ့ပြီး အသင်းအတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်" လို့လည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အသင်းဖော်ဟောင်း ကာရစ်ရဲ့ အတွေးအမြင်ကို သိရှိထားတဲ့ ဝက်စ်ဘရောင်းကတော့ မက်ဂွါရီဟာ အမြဲတမ်း ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ကစားသူဖြစ်ပြီး လေဟုန်ထဲမှာ တိုက်စစ်ဆင်မှုတွေကို ဖျက်ထုတ်ရာမှာ အလွန်တော်သူဖြစ်တယ်လို့ ဆိုပါတယ်။

"တကယ်လို့ အမ်မိုရင်သာ နည်းပြအဖြစ် ဆက်ရှိနေရင် မက်ဂွါရီ စာချုပ်သစ်ရဖို့ မသေချာပါဘူး။ ဒါပေမဲ့ မိုက်ကယ်ကာရစ် ရောက်လာတဲ့အခါမှာတော့ ဟယ်ရီက ပုံမှန်ပွဲထွက်ခွင့် ပြန်ရလာခဲ့ပါတယ်" လို့ ဝက်စ်ဘရောင်းက ဖွင့်ဟခဲ့ပါတယ်။

အသင်းမှာ ဒီလစ်၊ ယိုရိုနဲ့ မာတီနက်ဇ်တို့လို နောက်ခံလူကောင်းတွေ ရှိနေပေမဲ့ မက်ဂွါရီးရဲ့ အတွေ့အကြုံဟာ အသင်းအတွက် လိုအပ်နေဆဲဖြစ်တယ်လို့ ဝက်စ်ဘရောင်းက ယူဆနေတာပါ။

"အသင်းအနေနဲ့ မက်ဂွါရီကို တစ်နှစ်သက်တမ်းတိုး စာချုပ် ကမ်းလှမ်းမယ်ဆိုရင် အားလုံးအတွက် အဆင်ပြေမှာပါ။ အခုအချိန်မှာ ဟယ်ရီ ခြေစွမ်းပြနေတာကို လူတိုင်းမြင်နေရတာကြောင့် တခြားအသင်းတွေကလည်း သူ့ကို စိတ်ဝင်စားနေကြမှာ အသေအချာပါပဲ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ မက်ဂွါရီဟာ ပုံမှန်ပွဲထွက်ခွင့် ပြန်လည်ရရှိနေတာကြောင့် ပျော်ရွှင်နေပြီး အသင်းရဲ့ ခံစစ်ပိုင်းမှာ အားကိုးရတဲ့ ဝါရင့်ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေတာကို တွေ့ရတာဖြစ်ပါတယ်။