ရာသီကုန်မှာ အမေရိကန်ကလပ် အယ်လ်အေဂလက်ဆီသို့ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ကတ်စ်မဲရိုး
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်အမာခံကွင်းလယ်လူ ကတ်စ်မဲရိုး ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းဆီကို ပြောင်းရွှေ့ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အသင်းကနေ ထွက်ခွာမယ်ဆိုတာ အတည်ပြုထားခဲ့တဲ့ ကတ်စ်မဲရိုးဟာ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာလည်း အသင်းအတွက် အစွမ်းပြခဲ့ပါတယ်။ သူဟာ အာဆင်နယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းကို ဦးဆောင်ခဲ့သလို ဖူလ်ဟမ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ တွေ့ရပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကတ်စ်မဲရိုး ဟာ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ဘယ်မှာကုန်ဆုံးမလဲဆိုတာ ဆုံးဖြတ်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိမှာတော့ ကွင်းလယ်ကြယ်ပွင့်ကို ဆော်ဒီအာရေဗျနဲ့ ဘရာဇီးကလပ်တွေကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။
ဒေးလီးမေးလ်သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်းကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေပါတယ်။ ကတ်စ်မဲရိုးဟာ အသက်အရွယ်ရလာပြီဆိုပေမဲ့ လက်ရှိအချိန်အထိ အသင်းအတွက် အကျိုးပြုနိုင်စွမ်းရှိနေဆဲ ဖြစ်ပါတယ်။
ကတ်စ်မဲရိုးဟာ ၂၀၂၂ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းရှိနေတာပါ။ ဒါပေမဲ့ ယူနိုက်တက်အသင်းဘက်ကတော့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိဘဲ ရာသီကုန်မှာ သူ့နေရာကို အစားထိုးဖို့ စီစဉ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ကတ်စ်မဲရိုးရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘရိုက်တန်အသင်းက ကားလို့စ်ဘာလီဘာ၊ ခရစ္စတယ်ပဲလေ့စ်အသင်းက အဒမ်ဝါတန်နဲ့ နော့တမ်ဟမ်ဖောရက်စ်အသင်းက အီလီယော့အန်ဒါဆန်တို့လို ကစားသမားတွေကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ လာမယ့်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ရှိနေတဲ့ ကတ်စ်မဲရိုးဟာ အခြားလိဂ်အသီးသီးက ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို လေ့လာပြီး သူ့ရဲ့အနာဂတ်အတွက် လာမယ့်လအနည်းငယ်အတွင်း ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းနေပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရစေမယ့် အဆင့် ၄ အတွင်း ဝင်နိုင်အောင် အစွမ်းကုန် ကြိုးစားသွားဖို့ မျှော်လင့်နေပါတယ်။ အဆင့် ၄ အတွင်း ဝင်နိုင်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ကလပ်အသင်းအတွက် စိတ်သက်သာရာရစေမယ့် ရလဒ်ကောင်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။