The network connection is lost.

Banner Image

စိတ်ဝမ်းကွဲမှုမရှိဘဲ စည်းလုံးညီညွှတ်မှုအပြည့်ရှိတယ် လီဗာပူးကပ္ပတိန်ဗန်ဒိုက်အတည်ပြု

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က အသင်းကစားသမားတွေအကြား စည်းလုံးညီညွတ်မှု ရှိ၊ မရှိနှင့် ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းက ပြီးခဲ့သည့်အပတ်၊ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုမှတ်တမ်းကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ မာဆေးဆိုဒ်ကလပ်အသင်းက နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာ စုစုပေါင်း ၁၀ ဂိုးအထိ သွင်းယူပြီး ပုံစံကောင်းပြသနေပါတယ်။။

လက်ရှိတွင် လီဗာပူးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး လက်ရှိချန်ပီယံဘွဲ့ကိုထိန်းသိမ်းနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့အသင်းက ကာရာဘောင်းဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်နေရာတစ်ခုရရှိရန်အတွက်လည်း ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရပါတယ်။

ပြီးခဲ့တဲ့ရာသီအောင်မြင်မှုတွေရရှိခဲ့ပြီးနောက် အသင်းရဲ့ခြေစွမ်း ဘာကြောင့်ကျဆင်းသွားသလဲဆိုတာကို လူအများက မေးခွန်းထုတ်နေကြပါတယ်။ အထူးသဖြင့် လာမယ့်မန်စီးတီးနဲ့ပွဲစဉ်မတိုင်ခင်မှာ ဗန်ဒိုက်ဆီ အသင်းအတွင်း စိတ်ဝမ်းကွဲမှုတွေ ရှိနေသလားဆိုတဲ့မေးခွန်းတွေ ရောက်ရှိလာခဲ့ပါတယ်။
ဗန်ဒိုက်က "အမှန်တရားကတော့ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံတွေဖြစ်ပေမယ့် ခြေစွမ်းတည်ငြိမ်မှုပိုင်းမှာ လုံလောက်အောင် မကောင်းမွန်ခဲ့ပါဘူး။ ဒါဟာ ငြင်းမရတဲ့အချက်ဖြစ်ပြီး ဝေဖန်မှုတွေကိုလည်း ကျွန်တော်တို့ လက်ခံသွားရပါမယ်။

ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားရပါမယ်။ အသင်းအတွင်းမှာ စည်းလုံးမှုနဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ မေးခွန်းထုတ်စရာမရှိခဲ့သလို စိတ်ဝမ်းကွဲမှုတွေ ရှိနေတယ်လို့လည်း ကျွန်တော်မထင်ပါဘူး" လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဗန်ဒိုက်က စိန်ခေါ်မှုတွေကတော့ အမြဲရှိနေမှာဖြစ်ပြီး လူတိုင်းက အခြေအနေတစ်ခုချင်းစီအပေါ် တုံ့ပြန်ပုံချင်း မတူညီကြကြောင်း၊ အဓိကအချက်မှာ အားလုံးစုစည်းပြီး ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာသာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

"ဒါဟာ အသင်းကို ပိုမိုခိုင်မာစေမှာဖြစ်ပြီး ကျွန်တော်တို့မှာရှိတဲ့ အရည်အချင်းတွေနဲ့ ဒီအခြေအနေမှ ကောင်းကောင်းရုန်းထွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ အသင်းအတွက်ရော ကစားသမားတစ်ဦးချင်းစီအတွက်ပါ ပိုမိုတိုးတက်လာစေမှာပါ" လို့ သူက ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးက အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူဖို့ မဖြစ်နိုင်သလောက်ရှိပေမယ့် မန်စီးတီးကို အိမ်ကွင်းမှာ အနိုင်ရရှိမယ်ဆိုရင် TOP 4 ဝင်ရောက်နိုင်ရေးအတွက် အခြေအနေကောင်းလာပါလိမ့်မယ်။