မိုက်ကယ်ကာရစ်အပေါ် ထောက်ထားညှာတာတဲ့အနေနဲ့ ရာသီကုန်အထိ နှုတ်ဆိတ်နေရန် ရူဘင်အာမိုရင် ဆုံးဖြတ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း ရူဘင်အာမိုရင်ဟာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်းမှာ လက်ရှိနည်းပြမိုက်ကယ်ကာရစ်အပေါ် ထောက်ထားညှာတာတဲ့အနေနဲ့ မည်သည့်မှတ်ချက်မှ မပေးဘဲ ဆက်လက်နှုတ်ဆိတ်နေဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ယူနိုက်တက်အသင်းဟာ အာမိုရင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး သူ့ရဲ့နေရာမှာ မိုက်ကယ်ကာရစ်ကို အစားထိုးခန့်အပ်ခဲ့တာပါ။ လက်ရှိမှာတော့ ကာရစ်ဟာ ယူနိုက်တက်ကို ၃ ပွဲကစား ၃ ပွဲနိုင်ဆိုတဲ့ စံချိန်ကောင်းတစ်ခု ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရပြီးကတည်းက သိက္ခာရှိရှိနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ခဲ့တာဖြစ်ပြီး အခုနှစ်ဘောလုံးရာသီ ကုန်ဆုံးတဲ့အထိ ဒီအတိုင်းပဲ ဆက်လက်နေထိုင်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ဒေးလီးမေးလ်သတင်းဌာနရဲ့ ဖော်ပြချက်အရ အာမိုရင်ဟာ ယူနိုက်တက်မှာ ကာရစ်လုပ်ဆောင်နေတဲ့ အလုပ်တွေကို အာရုံမပျံ့လွင့်စေဖို့နဲ့ ကာရစ်ရဲ့ အခန်းကဏ္ဍကို မထိခိုက်စေဖို့အတွက် အခုလို တမင်တကာ နှုတ်ဆိတ်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အာမိုရင်အနေနဲ့ ယူနိုက်တက်အသင်းကို ၁၄ လကြာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံတွေအကြောင်းကို ဘောလုံးရာသီ ကုန်ဆုံးသွားတဲ့အခါမှသာ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြောကြားသွားဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။