အာတီတာကို အာဆင်နယ်က ထုတ်ပယ်နိုင်တယ်လို့ ရွန်းနီ အခိုင်အမာဆို
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက အာဆင်နယ်နည်းပြ မီခေးလ်အာတီတာရဲ့ ရာထူးဟာ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ယူဆနေပါတယ်။
လက်ရှိမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ၆ မှတ်အသာနဲ့ ဦးဆောင်နေပေမဲ့ ဒီရာသီမှာသာ ချန်ပီယံမဖြစ်ခဲ့ရင် အာတီတာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ရွန်နီက ပြောဆိုခဲ့တာပါ။
သူက "Wayne Rooney Show" မှာ "အာတီတာအတွက်လည်း စဉ်းစားစရာပါပဲ၊ ဒီနှစ်မှာသာ သူတို့ဖလားမရရင် ရာထူးမှာဆက်ရှိဖို့က ခက်ပါလိမ့်မယ်။ အာဆင်နယ်ဘက်က သူ့ကို ဒီနှစ်မှာလည်း အကြီးအကျယ် ထောက်ပံ့ပေးထားသလို အကောင်းဆုံး လူစာရင်းကိုလည်း ပေးထားတာပါ" လို့ ပြောခဲ့ပါတယ်။
"ဒါကြောင့် ဒီနှစ်မှာသာ ချန်ပီယံမဖြစ်ခဲ့ရင် အာတီတာအပေါ် ဖိအားတွေ သေချာပေါက် သက်ရောက်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ရွန်းနီက ဆိုပါတယ်။
ရွန်းနီက ဆက်လက်ပြီး "အဲဒီလိုအခြေအနေမျိုးရဲ့ သက်ရောက်မှုက အရမ်းကြီးပါတယ်။ ကျွန်တော်တို့ (မန်ချက်စတာယူနိုက်တက်) ချန်ပီယံလုခဲ့စဉ်တုန်းက အခြေအနေတွေကို သတိရမိတယ်။ ဥပမာ- စနေနေ့ ဒါမှမဟုတ် ကိုယ်က စောစောကစားရတဲ့ပွဲမှာ နိုင်လိုက်လို့ အမှတ်ကွာဟချက်က ၉ မှတ်အထိ ဖြစ်သွားပေမဲ့ တခြားအသင်းက ပြန်နိုင်သွားလို့ ၆ မှတ်ပဲ ပြန်ကွာတော့တာမျိုးပေါ့။ ပြီးတော့ အခြေအနေတွေ ဖြစ်ပျက်ပုံကလည်း ထူးခြားပါတယ်။ ဥပမာ- လီဗာပူးလ်က တစ်ဂိုးဦးဆောင်နေတဲ့အချိန်မှာ 'အမှတ်က ၉ မှတ်ပဲ ဆက်ကွာနေမယ်ဆိုရင် ငါတို့အတွက် ဘယ်လောက်တောင် အားတက်စရာဖြစ်မလဲ' လို့ တွေးမိတတ်ကြတယ်။
ဒါပေမဲ့ စီးတီးက ပြန်လိုက်လာတဲ့အခါမှာတော့ အဲဒီပွဲကို ထိုင်ကြည့်နေရင်းနဲ့တင် အားအင်တွေ အလကားကုန်တာပဲ၊ ဒါကတော့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ဒါကြောင့် အာတီတာကတော့ သူ့ကစားသမားတွေကို တခြားပွဲတွေ လိုက်ကြည့်မနေဘဲ ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ အာရုံစိုက်ဖို့ ပြောနေမှာ သေချာပါတယ်" လို့ ဆိုပါတယ်။
"ဘာလို့လဲဆိုတော့ တခြားအသင်းတွေရဲ့ ရလဒ်တွေကို လိုက်ကြည့်နေရင် အဲဒီထဲမှာပဲ စိတ်ရောက်သွားတတ်လို့ပါ။ အဲဒါက ကောင်းတဲ့အရာ မဟုတ်ပါဘူး။ သူတို့ကတော့ ရှေ့မှာကစားရမယ့် ပွဲစဉ်တွေကို ကြည့်ပြီး သူတို့ ဘယ်နှစ်မှတ်ရမလဲ၊ စီးတီးကရော ဘယ်နှစ်မှတ်ရမလဲဆိုတာကို လိုက်တွက်နေကြမှာပါ။ အဲဒီလိုတွေ လိုက်တွက်နေတာနဲ့ပဲ အာရုံများသွားတတ်ပါတယ်။ တကယ်တော့ နောက်ဆုံးမှာ အရေးကြီးဆုံးက ကိုယ့်ပွဲကိုယ် နိုင်ဖို့ပါပဲ။ ဒါပါပဲ" လို့ ၎င်းက ပြောကြားသွားခဲ့ပါတယ်။