တန်းဆင်းဇုန်တိုက်ပွဲဝင်ရမယ့်အခြေအနေဆီ တော့တင်ဟမ်အသင်း ဆိုက်ရောက်နေပြီလို့ ဝိန်းရွန်နီသတိပေး
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်နီက လက်ရှိဘောလုံးရာသီမှာ တော့တင်ဟမ်အသင်းဟာ တန်းဆင်းဇုန်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ အသင်းတစ်ခုဖြစ်လာပြီလို့ ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် သောမတ်စ်ဖရန့်ခ်ရဲ့ အသင်းကအမှတ်ပေးဇယားအဆင့်-၁၅ နေရာမှာ ရပ်တည်ကာ တန်းဆင်းဇုန်နဲ့ ၆ မှတ်သာ ကွာဟပါတော့တယ်။
"သူတို့ရဲ့လက်ရှိခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင် တန်းဆင်းဇုန်တိုက်ပွဲထဲ ရောက်နေပြီလို့ပဲ ပြောရပါမယ်။" လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရွန်နီက ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "ဝက်စ်ဟမ်းတို့ ခြေစွမ်းပြနေသလို နော်တမ်ဟမ်ဖောရက်စ်ကလည်း ရလဒ်ကောင်းတွေ ရနေပါပြီ။ တော့တင်ဟမ်အသင်း အခုရောက်နေတဲ့နေရာမှတဆင့် တန်းဆင်းဇုန်တိုက်ပွဲထဲ မပါဝင်ဘူးလို့ တွေးလို့မရပါဘူး။ တော့တင်ဟမ်ကိုယ်တိုင် နောက်မှာကပ်လိုက်လာတဲ့အသင်းတွေကို သတိထားစောင့်ကြည့်ရတော့မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ဆက်လက် သုံးသပ်ခဲ့ပါတယ်။
ရိုမဲရိုးရဲ့အနီကတ်နဲ့ပတ်သက်ပြီး ရွန်နီက "ဘာကြောင့် အနီကတ်ပြရသလဲဆိုတာ ကျွန်တော်နားလည်ပေမဲ့ နည်းနည်းတော့ ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားတတ်တာမျိုးပါ။ တော့တင်ဟမ်ဆီ သူရောက်ရှိလာပြီးကတည်းက အခုလိုမျိုးတွေ ခဏခဏ ဖြစ်နေတာကို တွေ့ရပါတယ်"လို့ ဖွင့်ဟခဲ့ပါတယ်။