တော့တင်ဟမ်အသင်းခေါင်းဆောင် ရိုမဲရိုးကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ ဘာစီလိုနာ
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ တော့တင်ဟမ်အသင်းမှာ မပျော်ရွှင်နိုင်ဖြစ်နေတဲ့ အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမဲရိုးကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့အတွင်း ပါဝင်လာပြီလို့ သတင်းများ ထွက်ပေါ်နေပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးဟာ မန်စီးတီးအသင်းနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ တော့တင်ဟမ်အသင်းရဲ့ လူအင်အားဖြည့်တင်းမှု အားနည်းချက်တွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်ကတစ်ဆင့် သူရဲ့မကျေနပ်ချက်တွေကို ထုတ်ဖော်ခဲ့တာပါ။
အသင်းမှာ ပွဲထွက်ကစားဖို့ အဆင်သင့်ရှိတဲ့ စီနီယာကစားသမား ၁၁ ဦးသာ ရှိနေတဲ့ အခြေအနေဟာ "ရှက်ဖို့ကောင်းတယ်" လို့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ရိုမဲရိုးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ပါတယ်။
စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ မွန်ဒို ဒီပို့တီဗိုရဲ့ ဖော်ပြချက်အရ ကမ္ဘာ့ဖလားချန်ပီယံ ရိုမဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လာလီဂါကလပ်တွေထဲမှာ အခုအခါ ဘာစီလိုနာအသင်းလည်း တစ်သင်းအပါအဝင် ဖြစ်လာခဲ့တာပါ။
မက်ဒရစ်မြို့ခံကလပ်တွေဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကလည်း ပြီးခဲ့တဲ့ သြဂုတ်လကမှ တော့တင်ဟမ်နဲ့ စာချုပ်သစ်ချုပ်ဆိုထားတဲ့ ရိုမဲရိုးကို ခေါ်ယူဖို့ အစောပိုင်းကတည်းက ချိတ်ဆက်မှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။