The network connection is lost.

Banner Image

အဆိုးရွားဆုံး ဒဏ်ရာအခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ဖွင့်ဟလာတဲ့ တာစတီဂန်

ဘာစီလိုနာအသင်းကနေ ဂျီရိုနာအသင်းဆီ အငှားနဲ့ လာရောက်ကစားနေတဲ့ ဂျာမနီဂိုးသမား မာ့ခ်အန်ဒရီ တာစတီဂန်ဟာ ပြင်းထန်တဲ့ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီးနောက် သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး စိတ်မကောင်းစရာ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လာပါတယ်။

တာစတီဂန်ဟာ အဆိုပါဒဏ်ရာကြောင့် ကွင်းလယ်ကနေ ၁ လကနေ ၂ လဝန်းကျင်အထိ အနားယူရဖို့ ရှိနေပြီး လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီလက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ပါ စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ဝါရင့်ဂိုးသမားကြီး တာစတီဂျန်က ပြီးခဲ့တဲ့ညက ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့သဝဏ်လွှာမှာတော့ ပရိသတ်အများစုဟာ သူ့ကို ပုဂ္ဂိုလ်ရေးအရ သိပ်မသိကြတဲ့အတွက် အခုလို ရင်ဖွင့်တိုင်ပင်ရတာဖြစ်ကြောင်း အစပြု ရေးသားထားပါတယ်။

"ကျွန်တော်ဟာ အမြဲတမ်း အပြုသဘောဆောင်တဲ့သူတစ်ယောက်ပါ။ ဘယ်လိုစိန်ခေါ်မှုမျိုးပဲ ကြုံလာပါစေ ဒီစိတ်ဓာတ်နဲ့ပဲ အမြဲတမ်း ဖြတ်ကျော်ခဲ့တာပါ။ ဒါပေမဲ့ အခုကြုံတွေ့ရတဲ့ အခြေအနေကတော့ ကျွန်တော့်အတွက် တကယ်ကို ခက်ခဲလွန်းပါတယ်" လို့ တာစတီဂျန်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တာဟာ အဆိုးရွားဆုံးအခြေအနေဖြစ်ခဲ့ပြီး ဂျီရိုနာအသင်းဆီ ရောက်ရှိလာတဲ့ ပထမဆုံးမိနစ်ကတည်းက ရရှိခဲ့တဲ့ နွေးထွေးတဲ့ ဆက်ဆံမှုတွေအတွက်လည်း သူက အထူးကျေးဇူးတင်ရှိနေတာပါ။

သူဟာ အသင်းရဲ့ ဘုံရည်မှန်းချက်တွေအတွက် အစွမ်းကုန် ကူညီပေးဖို့ မျှော်လင့်ခဲ့ပေမဲ့ အခုတော့ အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်ပါတယ်။

"အခုတော့ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက လုံးဝပြောင်းလဲသွားပါပြီ။ ဒါပေမဲ့ ကွင်းထဲမှာ မကစားနိုင်တော့ပေမဲ့ အသင်းအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ထောက်ခံအားပေးမှုတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီအသင်းက ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အဖွဲ့အစည်းတစ်ခုထက်ပိုတဲ့ မိသားစုတစ်ခုလိုပါပဲ" လို့ တာစတီဂန်က ဆိုပါတယ်။

အားကစားသမားတစ်ယောက်အနေနဲ့ လေ့ကျင့်ခန်းဆင်းတာနဲ့ ပွဲကစားတာဟာ အပျော်ရွှင်ရဆုံး အချိန်တွေဖြစ်ပေမဲ့ လက်ရှိမှာတော့ ခွဲစိတ်ကုသမှု ခံယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်လို့ အဆိုပါအရာအားလုံးကို လအတော်ကြာ ရပ်တန့်ထားရတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။