The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကို ခွဲစိတ်မှုခံယူရမှာဖြစ်လို့ ကမ္ဘာ့ဖလားမျှော်လင့်ချက်တွေ ထိခိုက်လာနိုင်တဲ့ တာစတီဂန်

ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် ပြီးခဲ့တဲ့လကမှ ဘာစီလိုနာအသင်းကနေ ဂျီရိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ ဂိုးသမား မတ်အန်ဒရေ တာစတီဂန်ဟာ ဒဏ်ရာပြဿနာကြောင့် ကွင်းပြင်ပမှာ အချိန်အတော်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂျာမနီဂိုးသမားဟာ ပြီးခဲ့တဲ့အပတ်က ရီးရဲလ် အိုဗီယေဒိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပေါင်နောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတာပါ။

ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်က ဂျိုအန် ဂါစီယာနဲ့ ဝိုက်ချက် ဆက်စနီတို့ကို ပိုမိုယုံကြည်ခဲ့တာကြောင့် တာစတီဂန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းရဲ့ ပထမဂိုးသမားအဖြစ် ပါဝင်ခွင့်ရဖို့ ဂျီရိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ပုံမှန်ပွဲထွက်ခွင့်ရရှိပြီး လက်စွမ်းပြသနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဝါရင့်ဂိုးသမားဟာ ဂျီရိုနာအသင်းအတွက် နှစ်ပွဲသာ ကစားပေးရသေးချိန်မှာပဲ အခုလို ဒဏ်ရာဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တားစတီဂန်ဟာ ပြီးခဲ့တဲ့နွေရာသီကလည်း ကျောရိုးခွဲစိတ်မှု ခံယူခဲ့ရတာကြောင့် ရာသီဝက်နီးပါး အနားယူခဲ့ရသူ ဖြစ်ပါတယ်။ အခုအခါမှာတော့ ဒဏ်ရာဟောင်းတွေအပြင် ဒဏ်ရာသစ်အတွက်ပါ ထပ်မံခွဲစိတ်မှု ပြုလုပ်ရတော့မှာပါ။

ဂျီရိုနာအသင်းရဲ့ ထုတ်ပြန်ချက်အရ မတ်အန်ဒရေ တာစတီဂန်ဟာ ရီးရဲလ် အိုဗီယေဒိုနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဘယ်ဘက်ခြေထောက် ပေါင်နောက်ကြောဒဏ်ရာအတွက် လာမယ့်သောကြာနေ့မှာ ခွဲစိတ်မှုခံယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခွဲစိတ်မှုပြုလုပ်ပြီးနောက်ပိုင်းမှသာ ပြန်လည်သက်သာလာမယ့် အချိန်ကာလကို အတည်ပြုနိုင်မှာဖြစ်တယ်လို့လည်း အသင်းဘက်က ဆိုထားပါတယ်။

ကနဦးခန့်မှန်းချက်တွေအရ တာစတီဂန်ဟာ နှစ်လဝန်းကျင် အနားယူရမယ်လို့ ထင်မှတ်ခဲ့ကြပေမဲ့ ခွဲစိတ်မှုပြုလုပ်ရမှာဖြစ်လို့ မေလမတိုင်ခင်အထိ ကွင်းအတွင်း ပြန်ဝင်နိုင်ဖို့ ခဲယဉ်းသွားပြီဖြစ်ပါတယ်။

ဒါဟာ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျူလီယန် နာဂယ်စမန်းအတွက်လည်း ကမ္ဘာ့ဖလားလူစာရင်း ရွေးချယ်ရာမှာ တားစတီဂန်ကို ချန်လှပ်ထားဖို့ အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ရာသီတစ်ခုလုံးနီးပါး ပွဲကစားခွင့် ပျောက်ဆုံးနေတဲ့ ဂိုးသမားတစ်ယောက်ကို ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးမျိုးမှာ ရွေးချယ်ဖို့ဆိုတာ နည်းပြအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေတာပါ။

ဇန်နဝါရီ အပြောင်းအရွှေ့ရဲ့ အားအထားရဆုံး ကစားသမားကို နှစ်ပွဲသာ ကစားရသေးခင်မှာ ဆုံးရှုံးလိုက်ရတာဟာ ဂျီရိုနာအသင်းအတွက်လည်း အလွန်စိတ်ပျက်စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျီရိုနာအသင်းဟာ တားစတီဂန်ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ထပ်မံခေါ်ယူထားခြင်းမရှိတာကြောင့် ပေါ်လို ဂါဇာနီဂါကပဲ ပထမဂိုးသမားအဖြစ် ပြန်လည်တာဝန်ယူသွားရတော့မှာ ဖြစ်ပါတယ်။