The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားအတွက် စပိန်အသင်းရဲ့ ဂိုးသမားနေရာကိုရယူနိုင်ဖို့ အဲလက်စ် ရီမီရိုနဲ့ ဂျိုအန် ဂါစီယာတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေ

စပိန်လက်ရွေးစင်အသင်းရဲ့ လက်ရှိ ရွေးချယ်မှုတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ဘာစီလိုနာဂိုးသမား ဂျိုအန် ဂါစီယာနဲ့ ရီးရဲလ်ဆိုစီဒက်ဂိုးသမား အဲလက်စ် ရီမီရိုတို့ရဲ့ အားပြိုင်မှုပဲ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် မြောက်အမေရိကကို သွားရောက်ရမယ့် လူစာရင်းမှာ နောက်ဆုံးနေရာတစ်နေရာအတွက် သူတို့နှစ်ဦးဟာ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ လာမယ့် မတ်လ နိုင်ငံတကာပွဲစဉ်တွေမှာ ဂျိုအန် ဂါစီယာကို စပိန်အသင်းက ခေါ်ယူဖို့ ရှိနေပြီး အဲဒီလိုဖြစ်လာရင် အဲလက်စ် ရီမီရိုအနေနဲ့ နေရာဖယ်ပေးရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ ရီမီရိုကတော့ ဇွန်လမှာ ထုတ်ပြန်မယ့် စပိန်အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေဆဲဖြစ်ပြီး အခုလို အပြိုင်အဆိုင်ဖြစ်နေရတာကိုလည်း စိတ်လှုပ်ရှားမိကြောင်း ကာဒီနာ ဆာ သတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။
ရီမီရိုက "လက်ရွေးစင်အသင်းရဲ့ ဂိုးသမားပိုင်းမှာ အရည်အချင်းရှိသူတွေ များနေတာဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အသင်းကို အကျိုးရှိစေပါတယ်။ အသင်းမှာ ပါဝင်ခွင့်ရသူတိုင်းက အသင်းအတွက် တစ်ထောင့်တစ်နေရာက ကူညီပေးရမှာဖြစ်ပြီး ကွင်းထဲမှာ ကစားရတဲ့သူတင် မဟုတ်ဘဲ အားလုံးက မိသားစုလို အရေးပါပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက "ဂျိုအန် ဂါစီယာဟာ ဒီနှစ်ရာသီမှာ အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းဆောင်နေသလို ဒေးဗစ် ရာယာနဲ့ အူနိုင်း ဆီမွန်တို့ကလည်း ထူးချွန်ကြပါတယ်။ အခုလို ဂိုးသမားကောင်းတွေ များနေတာက စပိန်အတွက် ကောင်းပေမဲ့ နည်းပြ လူးဝစ် ဒီလာဖွန်တေ အတွက်ကတော့ ခေါင်းခဲစရာ ဆုံးဖြတ်ချက် ဖြစ်စေမှာပါ" လို့ ဆိုပါတယ်။

"အဓိကကတော့ ကျွန်တော်တို့အားလုံးဟာ မိသားစုတစ်ခုလို စည်းလုံးနေဖို့နဲ့ စပိန်မှာ ဂိုးသမားကောင်း မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ မရှိတော့ဘဲ အားလုံး အကောင်းဆုံး ဖြစ်နေဖို့ပါပဲ" လို့ ရီမီရိုက ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

စပိန်နည်းပြ လူးဝစ် ဒီလာဖွန်တေ အနေနဲ့ အူနိုင်း ဆီမွန်ကို နံပါတ်တစ်ဂိုးသမားအဖြစ် သတ်မှတ်ထားပြီး ဒေးဗစ် ရာယာကို ဒုတိယဂိုးသမားအဖြစ် အသုံးပြုလေ့ ရှိပါတယ်။ ဒါကြောင့် အဲလက်စ် ရီမီရိုနဲ့ ဂျိုအန် ဂါစီယာတို့ဟာ တတိယဂိုးသမားနေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်ပေမဲ့ ဘယ်သူပဲ ရွေးချယ်ခံရပါစေ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရတာဟာ နှစ်ဦးစလုံးအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။