The network connection is lost.

Banner Image

တာစတီဂန် ဒဏ်ရာရရှိသွားလို့ စိတ်မကောင်းဖြစ်မိကြောင်း ဖွင့်ဟလာတဲ့ ဒီကို

ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဒီကိုက ဂိုးသမား မာ့ခ်အန်ဒရေး တာစတီဂန်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အသင်းစီမံခန့်ခွဲမှုပိုင်းအနေနဲ့ အတော်လေး စိတ်မကောင်းဖြစ်ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

လက်ရှိမှာ ဂျီရိုနာအသင်းဆီ အငှားထွက်ကစားနေတဲ့ တာစတီဂန်ဟာ ပေါင်ခြံဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့် အနည်းဆုံး (၂) လကနေ (၃) လအထိ ကွင်းပြင်ပမှာ အနားယူရဖို့ ရှိနေတာပါ။

ဒီကိုက "သူဟာ ဒဏ်ရာရဖို့အတွက် ကံဆိုးသွားခဲ့တာပါ။ ကျွန်တော်တို့ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ သူက အခြေအနေကောင်းနေခဲ့တာဖြစ်သလို ဂျီရိုနာအတွက် ကစားပေးခဲ့တဲ့ ပထမဆုံးပွဲမှာလည်း အထူးကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တာပါ" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒီကိုက သူ့အတွက် အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်းနဲ့ မာ့ခ်အနေနဲ့ ပွဲကစားခွင့်ရဖို့ လိုအပ်နေပေမယ့် အခြေအနေတွေက သူတို့ဖြစ်ချင်သလို ဖြစ်မလာခဲ့ဘူးလို့လည်း ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် တာစတီဂန်ရဲ့ ဒဏ်ရာကို ဘယ်နေရာမှာ ကုသမှုခံယူသွားမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဒီကိုက "ဒါဟာ ဆေးဘက်ဆိုင်ရာကိစ္စဖြစ်တဲ့အတွက် ဘယ်မှာ ကုသမှုလုပ်မလဲဆိုတာ မသိရသေးပါဘူး။ ဂျီရိုနာနဲ့ ဘာစီလိုနာအသင်းတို့က ဆရာဝန်တွေကပဲ တိုင်ပင်ပြီး ဆုံးဖြတ်သွားမှာပါ" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။